Wednesday, November 13, 2013

ကွန်မြူနစ်တွေကို ဘာပြုလို့ ထုတ်ပစ်ရသလဲ

၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက် နံနက် ၈ နာရီခွဲတွင် ဖဆပလအဖွဲ့ချုပ်သည် ရွှေတိဂုံစေတီ တော် အနောက်ဘက်ခြေတော်ရင်း၌ လူထုအစည်း အဝေးကြီးတစ်ရပ် ကျင်းပရာ ပရိသတ် တစ်သိန်း  ကျော် တက်ရောက်ကြသည်။ ဖဆပလ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ အဖွဲ့ချုပ်မှ ကွန်မြူ နစ်ပါတီကို ထုတ်ပယ်ရခြင်း အကြောင်းအရာများကို အောက်ပါအတိုင်း ပြောကြားသွားသည်။

ကွန်မြူနစ်တွေကို ဘာပြုလို့ ထုတ်ပစ်ရသလဲ
ယနေ့  အစည်းအဝေးကတော့  အများသိတဲ့ အတိုင်းပဲ၊ ဖဆပလက ကွန်မြူနစ်တွေကို ဘာပြုလို့ ထုတ်ပစ်ရတယ်ဆိုတဲ့အကြောင်း ရှင်းပြဖို့ပါပဲ။ ဒီ အကြောင်းတွေ ပြောရမယ်ဆိုရင် အများကြီးပဲ။ ကျုပ် လည်း စီကာစဉ်ကာ ပြောနေဖို့ အချိန်မရဘူး။ ခင်ဗျား တို့လည်း နေပူမှာ သိပ်ကြာကြာ နေနိုင်မှာ မဟုတ်ဘူး။ နောက်ကြောင်းတွေကိုပဲ ပြန်ပြောသင့်သလောက် ပြောရမယ်။
ဖဆပလ အဖွဲ့ချုပ်ဟာ အားလုံးသိပြီး ဖြစ်ကြမှာ ပဲ။ ဂျပန်ခေတ်မှာ တိတ်တိတ်ပုန်း ပေါ်လာတယ်။ ဒီအဖွဲ့ချုပ်ကြီးရဲ့ ဝါဒလုပ်ငန်းစဉ်အရပ်ရပ်ကို ကျွန်တော်ပဲ စတင်စီမံပြီး ကျွန်တော်နဲ့ တပ်မတော်ရဲ့ကောင်း မှု ကြောင့် ဂျပန်တွေပြန်ချဖို့ဆိုတဲ့လုပ်ငန်းဟာ အဲဒီကျ မှပဲ ကျကျနန ဖြစ်လာတော့တယ်။
လက်နက်ချဝါဒ
အစတုန်းကဆိုရင် ကွန်မြူနစ်တွေဆိုတာလည်း  မပြောပလောက်ပါဘူး။ အလုပ်လည်းပဲ တကယ် မရှိ ပါဘူး။ ပြီးတော့ သူတို့ဝါဒကလည်း အင်္ဂလိပ်လာရင် လက်နက်ချလိုက်ဆိုတဲ့ ဝါဒလောက်ပဲ ရှိတယ်။
အဲဒါနဲ့ ကျုပ်တို့နဲ့ တွဲမိမှ ဒီလို မဖြစ်နိုင်ဘူး။ ဂျပန် ကိုတော်လှန်ဖို့ အပြင်းအထန် စီစဉ်ရမယ်။ လူထု လုပ်ငန်းတွေလည်း ထက်ကြပ်လုပ်နိုင်အောင် စီစဉ် ရမယ်။ ဗမာလူထုတွေ ဖွဲ့စည်းနိုင်သလောက် ဖွဲ့စည်း ပြီး လက်နက်ရနိုင်သလောက် လက်နက်စွဲကိုင်ခိုင်းပြီး လုပ်ထားမှ ဂျပန်ကို ချပြီးတဲ့နောက် လွတ်လပ်ရေး အင်အားစု ဖြစ်လာနိုင်မယ်။ ဒီလိုမဟုတ်ရင် ပခုံး ပြောင်းတဲ့အလုပ်လောက်သာ ဖြစ်မယ်လို့ ကျုပ်တို့ ပြောခဲ့တယ်။
အနုပဋိလောမဝါဒနှင့် မကိုက်ဘူးတဲ့
အဲဒီတော့ သူတို့လုပ်ငန်းစဉ် နည်းမှန်လာတယ်။ ဒါတောင် တကယ့်တကယ်လုပ်ကြစတမ်းဆိုတဲ့အရေး ကျတော့ ဆန့်ငင်ဆန့်ငင်နဲ့ မလုပ်ရဲ၊ မကိုင်ရဲဖြစ်ပြီး လက်နက်နဲ့ ထြ<ွကပုန်ကန်ဖို့ အပြင်းအထန်စီစဉ်ရမယ် လို့ ကျုပ်ပြောတာကို သခင်သန်းထွန်းနဲ့ ကွန်မြူနစ် ခေါင်းဆောင်တချို့က ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ အနုပဋိလောမဝါဒနည်းနဲ့က မကိုက်ဘူးလို့ ပြောကြ သေးတယ်။
ဒါနဲ့ ကျုပ်တို့က လုပ်ကြတော့မှ ကျုပ်တို့ရဲ့ လူ အင်အား၊ ငွေအင်အား၊ လက်နက်အင်အား၊ Óဏ်အား တွေနဲ့ ဂျပန်ချမယ့် လုပ်ငန်းအစီအစဉ်များ တွင်ကျယ် လာတယ်။ ဒီလို ဖြစ်လာတယ်ဆိုရင်ပဲ နားတောင်း ရောင်ကြောင့် ပါးပြောင်ဆိုတာလို ကွန်မြူနစ်တွေလည်း တက်လာတာပဲ။ ကျွန်တော်တို့ကလည်း ကွန်မြူနစ်ဝါဒ ကို မပစ်ပယ်တော့ သူတို့ ဒီလိုတက်လာတာကိုလည်း  ဘာမှ မနာလိုမရှိပါဘူး။ သူတို့ချည်း ဟိုဟာဒီဟာတွေ ကို လုပ်သလို အသားယူသွားတာတွေကိုလည်း ဘာမှ မချေပပါဘူး။ သူတို့ညစ်တာတွေ ခြေထိုးတာတွေ ကလိမ်ကျတာတွေကို အများကြီး မကျေနပ်ပေမယ့် အချင်းချင်းသာ အတွင်းရေးလောက်ပဲ ပြောကြတယ်။
အပြင်ကို မထုတ်ပါဘူး။ သူတို့ကတော့ ဒီလို မဟုတ်ဘူး။ ပေးထားတဲ့ကတိတွေဖျက်၊ အတူတူဆုံးဖြတ် တော့တစ်မျိုး၊ လုပ်တော့တစ်မျိုး၊ ဒါတင်မကဘူး။ မဟာမိတ်တွေဆီကို လူလွှတ်လို့ပဲဖြစ်ဖြစ်၊ မဟာမိတ် တွေဆီကရတဲ့လက်နက်နဲ့   ရွှေငွေအကူအညီတွေကို သူတို့ချည်းပဲ ကျိတ်လုပ်ကြတယ်။ အဲဒါနဲ့ မပြီးသေးဘဲ နဲ့ ကျွန်တော်တို့ကိုပဲ မျက်ကန်းမျိုးချစ်တွေ၊ သွေဖည် ရေးသမားတွေ၊ ဖက်ဆစ်သမားတွေ အစရှိသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကျုပ်တို့ကွယ်ရာ လည်း ဆဲသေးတယ်။
အထူးသဖြင့် အင်္ဂလိပ်စစ်တပ်တွေ ပြန်ဝင်လာ တဲ့အခါ  ဆိုရှယ်လစ်တွေက  လက်နက်စုတယ်။ တပ်မတော်က ဘာတွေလုပ်နေတယ်။ အင်္ဂလိပ်ကို ပြန်ချဖို့ လုပ်နေတယ်လို့ စာရေးဝေလိုဝေ၊ စစ်အုပ်ချုပ် ရေးနဲ့ ပင်းလိုပင်း လုပ်ကြတယ်။ မြစ်ဝကျွန်းပေါ်မှာ ရှိတဲ့ ဗမာ့တပ်မတော်ဆိုလို့ရှိရင် ဖျက်ဖို့ တိုက်တွန်းကြ တယ်။ ကျုပ်ဆီမှာ သခင်စိုးကရေးပြီး သခင်သန်းထွန်း  လက်မှတ်ထိုးထားတဲ့ စာတစ်စောင် ရှိသေးတယ်။၁  (၁။   သခင်သန်းထွန်း၏ ပေးစာကို အခန်း(၁၃)တွင် ဖော်ပြပြီးဖြစ်သည်။) အဲဒါတွေလည်း ကျုပ်တို့ အင်မတန် သည်းခံရတယ်။ သူတို့အလိုလိုက်ပြီး လက်နက်ချရမယ်ဆိုလို့ လက်နက် တွေချလိုက်ရတယ်။
ကျုပ်တို့ ကန္ဒီသွားတုန်းကဆိုရင် ကိုသိန်းဖေက တပ်မတော်ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ လက်နက် အားကိုး မလုပ်စေချင်ဘူး၊ အေးအေးချမ်းချမ်း ပြုပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဖို့လိုတယ်။  လွတ်လပ်ရေးကို အေးချမ်းသာယာစွာပဲ အရယူဖို့  ပြောသေးတယ်။ အဲဒီလို သူတို့က ဗမာတိုင်းပြည်ကို  သစ္စာဖောက်ခဲ့တဲ့ အင်္ဂလိပ်အလိုတော်ရိလမ်းတွေကို လိုက်ခဲ့လို့ ခုထိ ကျုပ်တို့လိုက်ပြီး ဗမာပြည်နိုင်ငံရေးကို  ဆယ်နေရတုန်းပဲ။  အင်္ဂလိပ်တွေ  ဝင်လာခါစက ကျုပ်သာ လက်နက်ကိုင်ပြီး သူပုန်ထချင်ရင် မခက်ခဲ ပါဘူးလို့ ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ်က လွန်ခဲ့ တဲ့ ၁ဝ ရက်လောက်က ဘိလပ်မှာ ပြောခဲ့တယ်။ ကျုပ် ရဲ့အကြံအစည်တွေဟာလည်း ဒီတုန်းက ဘယ်လိုရှိ  တယ်ဆိုတာဟာ စာရွက်စာတမ်းတွေ ရှိတန်သလောက် ရှိပါသေးတယ်။ အခု ဒေါ်မန်စမစ်ပြောသလို လက်နက် နဲ့ထချဖို့ မခဲယဉ်းဘဲနဲ့ ကျုပ်တို့ ဘာလို့ မလုပ်သလဲ ဆိုတာကိုသာ ဒေါ်မန်စမစ် သိခဲ့ရင် သူ့မိန့်ခွန်းထဲမှာ  ဗြိတိသျှအင်ပါယာကြီးက သခင်စိုး၊ သခင်သန်းထွန်း၊  ကိုသိန်းဖေတို့ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဦးမှာပဲ။
ဒီလို သစ္စာဖောက်လုပ်ငန်းတွေကတစ်ဖက်၊ ကျုပ် တို့အလုပ်လုပ်တဲ့ အချင်းချင်းတွေကို ခြေထိုးတာတွေ၊ ကလိမ်ကျတာတွေကတစ်ဖက်၊ အဲဒီဟာမျိုးတွေလုပ်ပြီး သူတို့ပါတီကြီးပွားအောင် လက်ဦးရင် ပြီးရောဆိုပြီး ဟိုဆိုင်းဘုတ်တင်၊ ဒီဆိုင်းဘုတ်တွေတင်၊ သူတို့လူတွေ က နေရာတကာမှာ ဝင်ပြီး ကြိုးကိုင်ထား၊ ဒီပြင်လူတွေ ကိုကန်ထုတ်သလိုလုပ်၊ ဖဆပလတို့၊  ကျုပ်နာမည်တို့ကို ရောင်တော်ပြန်သုံးစွဲပြီး သူတို့အားစုတာနဲ့ လူထု အစည်းအရုံး စင်ပြိုင်တွေပေါ်၊ လူထုထဲမှာလည်း ရှုပ်ရှုပ်ထွေးထွေးဖြစ်၊ ပါတီတွေကလည်း ဟိုကပေါ်၊ ဒီကပေါ်၊ ဖဆပလ လုပ်ငန်းဆိုလည်းပဲ ဖဆပလထဲ မှာ သူတို့တစ်တွေ အများအပြား ရာထူးယူထားပေမယ့် ဘာမှ မလုပ်ဘူး။ ပစ်ထားတယ်။ သူတို့ပါတီလုပ်ငန်း တွေကိုပဲ လုပ်ကြတယ်။
အဲဒါနဲ့ ဖဆပလလုပ်ငန်းတွေဟာ မတွင်ကျယ် ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့သာ မှန်တယ်။ ဒီပြင်လူတွေက မမှန်ဘူးဆိုပြီး နေရာတကာမှာ တင်စီးတင်စားလုပ် တယ်။ အဲဒါနဲ့ ကျုပ် သူတို့ကို မေတ္တာနဲ့ပဲ အကြိမ်ကြိမ် အခါခါ သတိပေးတယ်။ ခင်ဗျားတို့ ဒါမျိုးလုပ်ရင် ဖဆပလကြီးကွဲလို့ ခင်ဗျားတို့ တက်မယ် ထင်လို့လား။  ခင်ဗျားတို့ကို အင်္ဂလိပ်က စစ်တိုက်တုန်း သုံးပေမယ့် စစ်ပြီးတဲ့အခါ ဆော်လိမ့်မယ်။ ကျုပ်တို့အချင်းချင်း မညီညွတ်မယ့်အလုပ်တွေ မလုပ်ပါနဲ့လို့ ကျုပ် အကြိမ် ကြိမ် ပြောခဲ့တယ်။  မရဘူး။  လုပ်မြဲလုပ်တာပဲ။ ဆိုရှယ်လစ်တွေကို ကြံဖန်အပြစ်ရှာ၊ ပြော၊ ရေး၊ လက်ဝဲ ညီညွတ်ရေးကို လုပ်ပြီးပြန်ဖျက်။ ဖဆပလကြီးကို ကွန်မြူနစ်ပါတီအတွက် အလွဲသုံးစားလုပ်။ တရား သဖြင့် သူတို့ အလုပ်လုပ်လို့ ဖဆပလထဲမှာ ကွန်မြူနစ် တွေ တွင်ကျယ်လာတယ်ဆိုရင်လည်း ဟုတ်ပါရဲ့။ ကျုပ် တို့ကလည်း ကြည်ဖြူပါတယ်။
သည်းခံနိုင်သလောက် သည်းခံခဲ့တယ်
အခုတော့ ဒီလိုမဟုတ်ဘူး။ ဖဆပလ ရာထူးတွေ ကိုတော့ လက်ခံထားတယ်။ ဖဆပလ အလုပ်ကိုတော့ ကောင်းကောင်းမလုပ်ဘူး။ နာမည်ရစရာရှိပြီဆိုရင် ကွန်မြူနစ်ပါတီနာမည်နဲ့ ပါတယ်။ လုပ်လို့ မရဘူး  ဆိုရင် ဖဆပလကိုသာ ထိုးအပ်ပြီ၊ အဲဒါမျိုးတွေချည်းပဲ။ ကျုပ်တို့ကလည်း ခံနိုင်သလောက် သည်းခံပြီး လုပ်ပေး တာပဲ။ ပဲခူးဘက်မှာ အငတ်ပြဿနာတွေ ဖြေရှင်း ကြတယ်။ ပထမ သူတို့ အသာရမယ်ထင်တုန်းက သူတို့ ပါတီနာမည်နဲ့ လုပ်တယ်။ ကိုးရိုးကားရားဖြစ်တော့မှ ဖဆပလကို လာအပ်တယ်။
မှားပြီးရင်း မှားရင်း
ဖဆပလ ဆုံးဖြတ်ပြီး အလုပ်တွေကို ဖဆပလ နာမည်နဲ့သာ လုပ်ရမယ်လို့ သူတို့ရော၊ ကျုပ်တို့ရော သဘောတူ စည်းကမ်းသတ်မှတ်ထားတယ်။ ဒါတွေ ဖောက်ဖျက်ပြီး သူတို့လုပ်တာပဲ။ ဒါနဲ့ သူတို့တစ်တွေ လုပ်ပုံတွေဟာကိုက မူမမှန်တော့ မှားပြီးရင်း မှားရင်း ဖြစ်လာတယ်။ သူတို့တစ်တွေ အမှားဖြစ်တာနဲ့ပဲ ကျုပ် တို့ ဖဆပလမှာလည်းပဲ ခဏခဏ ဂယက်ရိုက်တယ်။  သူတို့ဟာက ခုတစ်မျိုး ခုတစ်မျိုးပဲ။ ဘကြီးဘဘေဆို လည်း သူတို့ပဲ။ အင်္ဂလိပ်သူလျှို ဘဘေဆိုလည်း သူတို့ ပဲ။ ငြိမ်းချမ်းသာယာစွာ လွတ်လပ်ရေးရယူရန်ဆိုတာ လည်း သူတို့ပဲ။ လုပ်တော့ မလုပ်ပါဘူး။ လက်ဖဝါးလို မှောက်ချည်လှန်ချည် သိပ်နိုင်တဲ့သူတွေပဲ။ သူတို့ ဒီလို ပြောင်းလဲတာဟာ ဘာမှ ခြေခြေမြစ်မြစ် မရှိပါဘူး။ တကယ်ချကြဖို့ဆိုလို့ စဉ်းစားတဲ့အခါ တော်ရိလျော်ရိ လုပ်သွားတယ်။
ပြီးတော့ ဘေးကျတော့ ကျုပ်တို့တစ်တွေကပဲ စေ့စပ်ရေးသမားတွေဖြစ်သလို သူတို့ကတော့ မဟုတ် သလို၊ အတူတူ သဘောတူဆုံးဖြတ်ပြီး လုပ်ကြပြီး လုပ် ကြတာကို သူတို့ သဘောမတူလေဟန် သူတို့ပဲ သတ္တိ ရှိလေဟန် မဟုတ်မမှန် ပြောကြသေးတယ်။ ဥပမာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး စီတန်း လမ်းလျှောက်ပွဲလုပ်တုန်းက အမိန့်ယူဖို့ ဘာယူဖို့ဆို တာတွေဟာ ကွန်မြူနစ်တွေကပဲ အဆိုသွင်းတာပဲ။ တခြားလူတွေက ထောက်ခံတယ်။
ကျုပ်တို့ကတော့ အတွင်းသိ အစဉ်းသိတွေဖြစ် တော့ သခင်စိုး ဘယ်လောက်သတ္တိရှိတယ်။ ကိုသိန်းဖေ ဘယ်လောက်သတ္တိရှိတယ်။   သခင်သန်းထွန်း ဘယ်လောက်သတ္တိရှိတယ်။ ဒီပြင်လူတွေ ဘယ်လိုဆိုတာ တွေသိလို့ မလွမ်းပါဘူး။ ဗမာပြည်ရဲ့လွတ်လပ်ရေး လုပ်ငန်းတွေလည်း မပြီးသေးဘူး။ ဘယ်စခန်းအထိ လုပ်ရမယ်ဆိုတာလည်းမသိသေးပါဘူး။  ဗမာ့လွတ်လပ် ရေးလုပ်ငန်းကို ဆက်လက်ပြီး အပြီးတိုင်လုပ်ကြတဲ့ နေရာမယ် ဘယ်သူ ဘယ်လို သတ္တိရှိလို့ ဘယ်သူက ဘယ်လိုခြေသာတယ်ဆိုတာတွေ ပြီးခဲ့တဲ့ အဖြစ်အပျက် တွေကရော၊   နောက်လာတဲ့အဖြစ်အပျက်တွေကရော သက်သေခံပါလိမ့်မယ်။ ကျုပ် ရဲရဲကြီးပြောရဲပါတယ်။
တကယ်တမ်းဆိုရင် ထွက်ခဲ့
သတ္တိချင်း စမ်းမယ်ဆိုရင်တော့ ဗမာ့လွတ်လပ်ရေး အတွက် တကယ်တမ်း လုပ်တမ်းဆိုရင် ထွက်ခဲ့ပါ။ မဟိန်းတမ်း၊ မဟောက်တမ်း၊ တကယ်တမ်း ပြိုင်ရဲပါ တယ်။ ကျုပ်အကြောင်းတွေလည်း ခင်ဗျားတို့ သိတန် သလောက်  သိကြမှာပဲ။  ဒါပေမဲ့   အကုန်တော့ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ ကျုပ်ကလည်း မြ<ွကား ချင်ပါဘူး။ ကျုပ် နိုင်ငံရေးလုပ်တာဟာြ<ွကားချင်လို့ လုပ်နေတာမဟုတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရစေ ချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။  ကျုပ်က နိုင်ငံရေးမလုပ်ရလို့ ထမင်းငတ်သွားမယ့် လူမျိုးမဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ ကျုပ်အဖို့ကြီးမြတ် တယ်လို့ကို မထင်ဘူး၊ အရှုံးချည်းနဲ့ပဲ လုပ်နေရတာပဲ။
ဝန်ကြီးဖြစ်ပေမယ့် မထူးဘူး
အခု ဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့်မှာ ဘာမှ ထူးခြားခြင်းမရှိဘူး။ ဂျပန်ခေတ်တစ်ခေတ်တုန်းက လည်း စစ်ဝန်ကြီးဆိုပြီး ကျွန်တော့်မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိခဲ့ပါဘူး။ အခုခေတ်ရောက် ပြန်တော့ ဒါတွေကို ဝတ်နေတာပဲ။ အခု ဝတ်နေတဲ့ ဘောင်းဘီနဲ့ အင်္ကျီတောင် အခု ဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်း အချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ အခု ဝန်ကြီးအဖြစ်နဲ့ လခ ဘယ်လောက်ယူမယ်ဆိုတာ ဖဆပလက ဆုံးဖြတ်မပေးသေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံက ပိုမှာ မဟုတ်ပါဘူး။
ခြေမှုန့်လောက် မှတ်တယ်
ပိုက်ဆံရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့ အတွက် ဘယ်လောက် တက်သွားမလဲလို့ မေးကြစမ်း ပါ။ အခုလို မီးတောင်ကြီးပေါ်မှာ တက်ထိုင်နေရတာ နဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူ ချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့အကြောင်းတွေထောက် ပြီး မျက်စိမှိတ်ပြီး စွန့်ယူရတာပဲ။ လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကို ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်တဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါ တယ်။
ထွက်စာတင်ထားတယ်
ဒါကြောင့်လည်း လွန်ခဲ့တဲ့ သပိတ်ကိစ္စကြီးတွေကို ဖြေရှင်းပြီးတာနဲ့ တစ်ပြိုင်နက် ကျန်အရေးကြီးတဲ့ အတွင်းလုပ်ငန်းတွေကို တခြားလူတွေနဲ့ လွှဲထားပြီး   လူထုလုပ်ငန်းကိုထွက်လုပ်ဖို့ ကျုပ် ဝန်ကြီးရာထူးက  ထွက်စာတင်ထားတယ်။ ဖဆပလ အလုပ်အမှုဆောင် အဖွဲ့က ဆိုင်းထားသေးတဲ့အတွက် ကျုပ်မထွက်ခဲ့ရဘူး။
ဘယ်တုန်းကမှ တစ်ပတ်မရိုက်ခဲ့ဘူး
ကျုပ်တို့ အခု အစိုးရအဖွဲ့ထဲမှာ ဝင်ပြီးသွားတာ နဲ့ လူထုလိုချင်တာတွေအကုန်လုံးကို ကျုပ်တို့လုပ်ပေး နိုင်မယ်လို့  ကျုပ်တို့ ဘယ်တုန်းကမှ လူထုကို တစ်ပတ် မရိုက်ခဲ့ဘူး။ အကုန်လုံး လုပ်ပေးနိုင်ဖို့ဆိုတာလည်း လွတ်လပ်ရေးရအောင် ချက်ချင်း လုပ်ပေးနိုင်မယ် မဟုတ်ဘူး။ နေ့ချင်းညချင်းတော့ ပဒေသာပင် ပေါက် မပြနိုင်ဘူး။ ကျုပ်တို့ ဖဆပလက အစိုးရအဖွဲ့ထဲဝင် တဲ့အခါ တိုင်းပြည်ကို ကြေညာ ချက်ကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ ကျုပ်တို့ ဘာပြောထားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
လွတ်လပ်ရေး သေချာပြီမဆိုနိုင်
ကျုပ်တို့ အစိုးရအဖွဲ့ထဲဝင်လာပေမယ့် ဒီအစိုးရ အဖွဲ့ဟာ အမျိုးသားအစိုးရရဲ့ အရည်အချင်း အခွင့် အရေး အလုံးစုံနဲ့ ညီညွတ်ကိုက်ညီပြီလို့ မယူဆသေး ဘူး။ ပြီးတော့ ဒီအစိုးရဟာ လွတ်လပ်တဲ့နိုင်ငံကို တစ်ဖြောင့်တည်းပို့ပေးမယ့် ယာယီအစိုးရလို့လည်း မဆိုနိုင်ဘူး။ ဗမာပြည် လွတ်လပ်ရေးဟာလည်း သေချာပြီ။  မကြာခင်ရတော့မယ်လို့  မဆိုနိုင်သေးဘူး။ လက်ငင်းအစိုးရအမှုထမ်းများနဲ့ အခြားလူတန်းစားရဲ့ လက်ငင်းပြဿနာများကို   ဖြေရှင်းနိုင်ဖို့အတွက် တစ်ကြောင်း၊ ခြောက်လခန့်တွင် တရားသဖြင့် လွတ်လပ် စွာ ရွေးကောက်ပွဲကျင်းပနိုင်ရန်တစ်ကြောင်း၊ အခြား လက်ငင်းပြဿနာတွေကို ဖြေရှင်းနိုင်ကောင်း ဖြေ ရှင်း နိုင်ပြီး နေသူရိန်ဆုံးဖြတ်ချက်အတိုင်း အမျိုးသား အစိုးရ အဖွဲ့ ဖွဲ့စည်းနိုင်တဲ့ အခြေအနေသို့ တိုးတက်ပြီး လှမ်း သွားနိုင်ကောင်း လှမ်းသွားနိုင်မယ့် အခြေခံကောင်း များ ရပြီထင်လို့သာ ဝင်လုပ်ကြည့်တာပဲ။ ဒီလို ကျုပ်တို့ တိတိလင်းလင်း ကြေညာခဲ့တယ်။ အဲဒီလို ရှင်းရှင်း ပြောထားရက်နဲ့ တချို့က နားဝေတိမ်တောင် စကားတွေ ပြောကြသေးတယ်။ အဲဒါတွေတော့ အကျယ်ရှင်းလင်း နေဖို့ အချိန်မရှိဘူး။ တစ်ခုလောက် ပဲ ပြောပြမယ်။
အခုမသိနိုင်သေး
ကျုပ်တို့ရတာတွေဟာ အိန္ဒိယလို မဟုတ်ဘူးလို့ ပြောကြတယ်။ ဘယ်လိုမဟုတ်တယ်ဆိုတာ ဘယ်သူမှ ကျကျနန သိသေးတာ မဟုတ်ဘူး။ ဥပမာ လန်ဒန် တိုင်းလို သတင်းစာခေါင်းကြီးပိုင်းကနေပြီး အိန္ဒိယပြည် မှာလို ဗမာပြည်မှာလည်း ကြားဖြတ်အမျိုးသားအစိုးရ သဘောမျိုး ဥပဒေအရ မဟုတ်သေးသော်လည်း လက်တွေ့သဘောဖြစ်နေပြီလို့ ဆိုတယ်။ ကိုင်း - ဒီဟာကို ဘယ့်နှယ် ပြောမလဲ။ နေရူးအစိုးရလည်း တကယ်ပြောရမယ်ဆိုရင် ဘုရင်ခံချုပ်ရဲ့ အမှုဆောင် အဖွဲ့ပဲ။ လက်တွေ့တော့ ကြားဖြတ်အမျိုးသားအစိုးရ သဘောမျိုး လုပ်စေရမယ်လို့ ဆိုထားတာပဲ။ ဘယ် လောက်အထိ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျုပ်တို့ အခု မသိနိုင်သေးဘူး။
လက်တွေ့ကိုကြည့်ပြီး ဝေဖန်ရမယ်
တချို့က ပြောကြတယ်။ ကာကွယ်ရေးနဲ့ နိုင်ငံ ခြားရေးဌာနကို ကျုပ်ကိုပေးပေမယ့် ဘုရင်ခံ အတိုင် ပင်ခံသာ ဖြစ်တယ်။ ဘာမှ သေသေချာချာမသိကြဘဲ ရမ်းပြောနေကြတာပဲ။ အိန္ဒိယနဲ့ မတူဘူးလို့ပြောကြ တယ်။ အဲဒီဟာ သဘောရော၊ လက်တွေ့ရောတူအောင် အခု နိုဝင်ဘာလမှာ စတင်ကျင်းပမယ့် ဘိလပ်ပါလီမန် အတွင်းမှာ ဖြစ်အောင်လုပ်မယ်လို့ ကျုပ်တို့ပြောထား တာပဲ။ ကျုပ်တို့ဟာ လက်တွေ့ကို ကြည့်ပြီးတော့ ဝေဖန် ရမယ်။ အိန္ဒိယနဲ့ ဗမာပြည် အစရှိသည်အားဖြင့် နှိုင်းယှဉ်တဲ့အခါမယ် တူတဲ့အချက်တွေ၊ မတူတဲ့အချက် တွေ အဲဒါတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ အိန္ဒိယ ပြည်က ကျုပ်တို့ထက် အဆပေါင်းများစွာနယ်ကျယ် တယ်။ လူများတယ်။ ပစ္စည်းပေါတယ်။ ကုလားလေတပ်၊ ကုန်းတပ် အစုံအလင်ရှိတယ်။ ရွေးကောက်ပွဲတွေ လုပ်ပြီးပြီ။ ဒါတွေကိုလည်း ကြည့်ရမယ်။
ဘယ်ဟာမှ မဖုံးဘူး
ကျုပ်တို့ကလည်း ဘယ်ဟာမှ မဖုံးဘူး။ ကျုပ်တို့ရဲ့ မူလဝါဒ လုပ်ငန်းရည်ရွယ်ချက်တွေကိုလည်း ပစ်ပယ် ထားတာမဟုတ်ဘူး။ ဒါတွေလည်း ဆက်လုပ်မယ်လို့  ဆိုထားတယ်။ အဲဒီလိုပြောဆိုပြီး ရာထူးယူခဲ့တယ်။ အတူတူချင်း ရာထူးယူတာပဲ။ ကွန်မြူနစ်တွေက ငပြူး ထက် တစ်မူးဖိုး ပိုရှူလိုက်ချင်ကြသေးတယ်။ ကျုပ်တို့ အတွင်းသိတဲ့ လူတွေကတော့ ဘာဖြစ်လို့ လုပ်တယ် ဆိုတာ ကျုပ်သိပါတယ်။ ကျုပ် ရှင်းရှင်းပြောမယ်။ ကွန်မြူနစ်တွေက ပထမ ရာထူးနှစ်နေရာ လိုချင်တယ်  ပြောတယ်။ သူတို့ အဲဒီတုန်းက ဘာတွေတောင်းပါ။ အဲဒါတွေရမှ ရာထူးလက်ခံပါ။ ဒီလိုပြောတာ မဟုတ် ဘူး။ နှစ်နေရာမရနိုင်တော့မှ ခြေထိုးတာပဲ။ ရာထူး ယူတော့ ကိုယ့်နောက်လိုက်ငယ်သားတွေ ကျေနပ် အောင် ကျုပ်တို့ ယူချင်လို့ယူရတာမဟုတ်ဘူး။ ဖဆပလ လူကြီးတွေက လိုချင်လို့ သူတို့ကို ထိန်းသိမ်းဖို့ ဝင်ယူ ရတာပါ။  အဲဒီလိုသဘောမျိုးနဲ့  သူတို့နာမည်ကြီးမှု၊ သူတို့ ခေါင်းဆောင်အဖြစ်တည်တံ့မှု၊ နောက် ရွေး ကောက်ပွဲကျရင် သူတို့ အသားယူဖို့ ကျုပ်တို့ ဖဆပလ ဘာဖြစ်သွားသွားဆိုတဲ့ သဘောမျိုးနဲ့ လုပ်ကြတာပဲ။
ကျုပ်ကတော့ ရယ်ချင်တယ်
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလံနီကွန်မြူနစ် တွေနဲ့ သိန်းသန်းကွန်မြူနစ်တွေ က ပြောင်ချော်ချော် ပြောနေကြတယ်။ အမှန်စင်စစ် ရွေးကောက်ပွဲဆိုတာ ကို အခြားဘယ်နည်းနဲ့မှမရှိနိုင်တဲ့ လမ်းမှန်ကြီးအနေနဲ့ မယူဆပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်တွေ ကြီးကြီး ကျယ်ကျယ်ပြောတာကို ကျုပ် ရယ်ချင်တယ်။ အိန္ဒိယ ပြည်ကွန်မြူနစ် ဂျိုရှီဟာ လွန်ခဲ့တဲ့နှစ်လလောက်က ဘာစာရေးလိုက်သလဲဆိုရင် မင်းတို့ရွေးကောက်ပွဲ ဝင်ကြ၊ ရွေးကောက်ပွဲပြီးလို့ရှိရင် (Major Political Development နိုင်ငံရေး အခြေအနေ အကြီးအကျယ် ပြောင်းလဲလာလိမ့်မယ်ဆိုပြီး စာရေးလိုက်တယ်။ ဒါတွေ ကျုပ်သိပြီးပါပြီ။ မပြောချင်လို့ နေတာပဲ။
တော်လှန်ရေးသမား ဘယ်လောက်စစ်သလဲ
ကျုပ်တို့ ရာထူးယူတာလည်း ဘာမှ မကြာသေးပါ ဘူး။ အရက် ၂ဝ လောက် ရှိပါသေးတယ်။ ဒီအရက် ၂ဝ လောက်ထဲက ပထမ ၅ ရက် ၆ ရက်လောက်က  ဟိုတုန်းက သပိတ်ကိစ္စတွေ ဖြေရှင်းရတယ်။ ကျုပ်တို့  သပိတ်သမား အများကျေနပ်အောင် ဖြေရှင်းခဲ့တယ်။  ဒါ ကျုပ်တို့ ပြောတဲ့အတိုင်း လုပ်ခဲ့တာပဲ။ ကွန်မြူနစ် ဝန်ကြီး *(*   ဦးသိန်းဖေ (မြင့်)) လည်းသဘောတူခဲ့တာပဲ။ အဲဒါကိုပဲ ကျုပ် ကို လူညာဆိုတဲ့ သဘောမျိုး ပြောသေးတယ်။ အဲဒီ သပိတ်တွေနဲ့ပဲ ဗမာပြည်ကြီး တော်လှန်ရေးလုပ်ရမလို အခု  အလံနီတို့၊  သိန်းသန်းတို့ဆိုတဲ့  ကွန်မြူနစ် အမည်ခံခေါင်းဆောင်တွေဟာ တော်လှန်ရေးသမား တွေ၊ ဘယ်လောက်စော်ကားတယ်ဆိုတာ တဖြည်းဖြည်း  တော့ ခင်ဗျားတို့ကိုယ်တိုင် ပိုသိလာမှာပဲ။ ကျုပ်တော့ သိပ်ပြီး မပြောလိုဘူး။ သို့ပေမယ့် နည်းနည်းပါးပါး  တော့ ပြောခဲ့မယ်။
အသံကောင်း ဟစ်နေကြတယ်
အခု သိန်းသန်းကွန်မြူနစ်တွေက အင်္ဂလိပ် စစ်တပ်တွေ ချက်ချင်းထွက်သွားရမယ်။ ဘာရမယ်၊ ညာရမယ်နဲ့  အသံကောင်းဟစ်ကြတယ်။  အော်လို့ရမှာ မဟုတ်ဘူး။ လုပ်မှ ရမှာ။ အဲဒီတော့ ကျုပ်က သူတို့ကို မေးချင်တယ်။ အင်္ဂလိပ်တပ်တွေ ချက်ချင်းထွက်သွား အောင် ဘယ်လိုလုပ်မလဲ ပြောပြစမ်းပါ။ ဖဆပလကို အခု ဆဲနေကြတဲ့ အချောင်သမား၊ နိုင်ငံရေးသမားကြီး တွေနဲ့ သူတို့တစ်လေတည်း မှုတ် နေတာသာတွေ့ရတယ်။ ဒီဟာမျိုးကို သူတို့ကွန်မြူနစ်စကားမျိုးနဲ့ပြောရမယ် ဆိုရင် (Revolutionary Phrase Mongering) တော်လှန်ရေး ဗန်းပြစကားလုံးတွေသုံးပြီး သူတို့ရဲ့ တကယ့်အချောင်သမားဝါဒဖုံးဖို့ ဖိဖို့လုပ်တာပဲ။
သခင်ချစ် ဘယ်လိုပြောလဲ
သပိတ်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့အတွင်းမှာ တော့ ကွန်မြူနစ်တွေက သပိတ်သမား ကြာကြာ မခံ နိုင်ဘူး။ ထမင်းထုပ်ပေးရတဲ့လူတွေလည်း ညည်းကုန် ပြီ။ အဲဒီလိုပြောတဲ့လူဟာ ကွန်မြူနစ်အမည်ခံတဲ့ သခင်ချစ်ပါပဲ။ အထဲမယ်တုန်းက ကျုပ်က မစ္စတာ ရာဇတ်ကို ဝန်ကြီးတစ်နေရာပေးရရင် ဘယ့်နှယ်လဲ   လို့ မေးတယ်။ သူတို့ကပဲ မလိုသေးပါဘူးလို့ ပြောတယ်။ ကရင်အမျိုးသားတွေအတွက် ကျုပ်တို့ သခင်နု လုပ် ပေးတယ်။  အဲဒါလည်း  တချို့လူတွေဆီသွားပြီး တစ်မျိုး ပြောလိုက်သေးတယ်။ အဲသလောက် ဗလောင်းဗလဲနိုင် တဲ့လူတွေ။
ချုပ်ချယ်တာတွေ ဖျက်ဖို့လုပ်နေပြီ
အဲဒါနဲ့ ကျုပ်တို့ ပထမသပိတ်တွေမှာ ကောင်း ကောင်း မလှန်ကြသေးဘူး။ အောက်တိုဘာလ ၅ ရက် မှာ ကွန်မြူနစ်ကြီးစိုးနေတဲ့ အလုပ်သမားသမဂ္ဂက ၁၁ ရက် ကျေနပ်အောင် အကြောင်းမပြန်နိုင်ရင် သပိတ် တွေမှောက်မယ်ဆိုပြီး နို့တစ်တွေ ပေးခဲ့တယ်။ ခင်ဗျား တို့ပဲ စဉ်းစားကြည့်ပါ။ တစ်ဖက်ကလည်း ကျုပ်တို့ ပြည်သူ့လွတ်လပ်ရေးချုပ်ချယ်တဲ့ဥပဒေတွေဖျက်ဖို့ လုပ်နေတယ်။ အခု ၉ ရက်၊ ၁ဝ ရက်အတွင်းဆိုရင် ဗမာပြည်ကာကွယ်ရေးနည်းဥပဒေတွေ ပယ်ဖျက်နိုင် လိမ့်မယ်။ ခု ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကိုလည်း  အခုပဲ လွှတ်ဖို့လုပ်နေပြီး လတ်တလော ဥပဒေတွေ ကိစ္စ၊ တခြား  ဖဆပလက  ဆုံးဖြတ်ပေးလိုက်တဲ့  ပြည်သူ့ လွတ်လပ်ရေးနဲ့ဆိုင်တဲ့ကိစ္စအရပ်ရပ်တွေကိုလည်း တစ်ပြိုင်နက် လုပ်နေရတယ်။ ဘဏ္ဍာရေးအာဏာ တင်းပြည့်ရဖို့လည်း တောင်းထားတယ်။
အခု ဘယ်လိုစီမံနေသလဲ
အခုလာမယ့် ပါလီမန်မှာ ဗမာပြည်တိုင်းပြုပြည် ပြုလွှတ်တော်ခေါ်နိုင်မယ့် ရွေးကောက်ပွဲဖြစ်အောင် လည်း စီစဉ်နေတယ်။ အခု အင်္ဂလိပ်တွေကို အစိုးရ အမှုထမ်းထဲသွင်းနေတဲ့စနစ်ကို   ရပ်ပစ်လိုက်ပြီး ပရောဂျက် စီမံကိန်းတွေကိုလည်း တိုင်းပြည်အကျိုးကို ကြည့်ပြီး ဘယ်လိုလုပ်ရကောင်းမယ်ဆိုတာ စိစစ် နေလျက်ပါပဲ။ နောက်ဗမာပြည်ကာကွယ်ရေးအတွက် လည်း အစီအစဉ်တွေဆွဲခိုင်းထားတုန်းပဲ။ ကမ္ဘာ့နိုင်ငံ ပေါင်းချုပ်အသင်းကြီး* (*ကုလသမဂ္ဂ ။) ကိုလည်း ကိုယ်စားလှယ်လွှတ် နိုင်အောင် ကျုပ်တို့ ကြိုးစားမယ်။ အဲဒီလို ကျုပ်တို့ စီမံနေတယ်။  အလုပ်သမားတွေအတွက်ဆိုလည်း အလုပ်သမားတွေနဲ့ ဆိုင်တဲ့အလုပ်  တွဲဖက်အဖွဲ့တွေ၊ အစိုးရအမှုထမ်း အရာထမ်းတွေလည်း အဲဒီလို အဖွဲ့ တွေနဲ့ သူတို့ တရားသဖြင့် လိုချင်တာတွေကို တတ်နိုင် သမျှရအောင် ကျုပ်တို့ လုပ်ပေးမှာပဲ။ လုပ်မပေးဘူးလို့ မပြောဘူး။
ထွက်ခဲ့ဆိုရင် အသင့်ပဲ
အခု သူတို့ ကွန်မြူနစ်တွေမြှောက်ပေးပြီး အလုပ် သမားသမဂ္ဂက တောင်းဆိုချက်တွေထဲမှာ ဖဆပလ အဖွဲ့ချုပ်က မူအားဖြင့် လက်ခံထားတဲ့အချက်တွေ ပါပါတယ်။ အဲဒါတွေကို ကျုပ်တို့ရအောင် ကြိုးစား ပေးရမှာပဲ။ ကြိုးလည်း ကြိုးစားပေးရမှာပဲ။ မရတဲ့အခါ ဖဆပလ အဖွဲ့ချုပ်က မကျေနပ်ဘူး။ မင်းတို့ ထွက်ခဲ့ ဆိုရင်လည်း ထွက်ဖို့ အဆင်သင့်ပဲ။ တစ်တိုင်း တစ်ပြည် လုံးရှိတဲ့ အမှုထမ်း အရာထမ်း အလုပ်သမား အစရှိ သည်အားဖြင့် လူထုရဲ့ အခြေခံလခတွေကိုလည်း သုံးလအတွင်း ပြောင်းလဲစီစဉ်ပေးဖို့ ကျုပ်တို့ လုပ်နေ တယ်။ သို့သော် အခု ရမှဖြစ်မယ်ဆိုရင်တော့ ကျုပ် တို့လည်း မတတ်နိုင်ဘူး။ ခင်ဗျားတို့ မကျေနပ်ဘူးဆို လည်း ဖဆပလအဖွဲ့ချုပ်ကိုသွားပြီးတော့ သေသေ ချာချာ ပြောပြပါ။ ကျုပ်တို့ ထွက်ပေးဖို့ အဆင်သင့် ရှိပါတယ်။
မရရင် အထွက်ပဲ
သုံးလအတွင်းလည်း အမျိုးသားအစိုးရ အခြေ အနေအမျိုးမျိုးကို ဥပဒေသဘောရော၊ ကျပ်ပြည့် တင်းပြည့်ဖြစ်နိုင်သမျှရော  ဖြစ်အောင်  ကျုပ်တို့ ကြိုးစားမယ်။ ကျေကျေနပ်နပ် မရဘူးဆိုရင် ကျုပ်တို့ ထွက်မှာပဲ။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျုပ်တို့ဝန်ကြီး အဖွဲ့က မကြာမီ ကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင် လိမ့်မယ်လို့  မျှော်လင့်ပါတယ်။ ကိုင်း...အဲဒီလို ကျုပ်တို့ ရှင်းရှင်းပြောထားပြီး  ကျုပ်တို့ အဲဒီလို ပြော ထားတဲ့အတိုင်း လုပ်သလား၊ မလုပ်ဘူးလားဆိုတာ လည်း နည်းနည်းပါးပါး ပြောရဦးမယ်။ ဒလဖူးကား သစ်စက် အစရှိတဲ့ သပိတ်တွေမှာ ကျုပ်တို့ ဖဆပလ ဝင်ကူခဲ့လို့ သူတို့ဇာတ်မျောနေရာက အတော်အတန် ဟန်ကျသွားရတယ် မဟုတ်လား။ အလုပ်သမား တာဝန်ခံလုပ်နေကြတဲ့ သမဂ္ဂအစည်းအရုံးက အတွင်း ရေးမှူးနှစ်ဦးကိုလည်း ကျုပ် ရာထူးမယူခင်ဘဲ ကျုပ်ကို အစစအရာရာ အကြံÓဏ်ပေးပါ။ ခင်ဗျားတို့ပေးတဲ့ အကြံḩာဏ်ကို အခြေပြုပြီး အလုပ်သမားတွေအတွက်  ကြိုးစားလုပ်ပေးမယ်။ အဲဒီလို ပြောခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေဘက်က မတိုင်ပင်ဘူး။
ဘာသဘောလဲ စဉ်းစားကြည့်
ဖဆပလ အလုပ်သမား တွဲဖက်ကော်မတီမှာ လည်း သူတို့ပါတယ်။ ဒါကိုလည်း မတိုင်ပင်ဘူး၊ ဗြုန်း ဆို သပိတ်မှောက်ပစ်မယ် လုပ်တာပဲ။ အဲဒါ ခင်ဗျား တို့ပဲ ဘာသဘောလဲဆိုတာ စဉ်းစားကြည့်ကြပေတော့။ ပြီးတော့ သူတို့က ပရောဂျက်တွေဖျက်ဖို့ သပိတ်မှောက် ရတာပါ  ပြောတယ်။  ပရောဂျက်တွေပဲ  ပျက်မလား၊ အလုပ်သမားတွေပဲ နာမလား၊ အဲဒါ စောင့်ကြည့်ကြ ပေတော့။ ကျုပ်တို့မြင်တာကတော့ ပရောဂျက်မပျက်တဲ့ အပြင် အလုပ်သမားတွေ ပိုနာမယ်၊ တိုင်းပြည်လည်း ထိမယ်။ အခုပဲ ထိနေပြီ။ အညစ်အကြေးကူလီတွေ အလုပ်မဆင်းရအောင် တားနေကြတာဟာ ရန်ကုန် မြို့ကြီးရဲ့ ကျန်းမာရေးကို ထိခိုက်မှာ စိုးရတယ်။
ဒီအတိုင်း ကြည့်မနေနိုင်
ဓနိတောဓာတ်ဆီဆိုင်ကို တားလို့ ဓာတ်ဆီမရရင် ဘတ်စကားတွေ မသွားနိုင်ဘူး၊ မသွားနိုင်ရင် ကုန် ပစ္စည်းတွေ ရှားကုန်မယ်။ ရှားကုန်ရင် ခင်ဗျားတို့ကို ပဲ ထိမှာပဲ။ ပရောဂျက်တွေ ဘယ်မှာထိလို့လဲ၊ မသိ နားမလည်တဲ့ နောက်လိုက်တွေကို ဟိုဟာမြှောက်ပေး၊ ဒီဟာမြှောက်ပေးတော့ လုပ်မယ်။ ကိုယ်ကိုယ် တိုင်က တော့ အနစ်နာခံကြမှာ မဟုတ်ဘူး။ အဲဒီလိုဖြစ်ရက်နဲ့ ဒီကွန်မြူနစ်တွေ ခွတုတ်နေတာကို ခံကြမယ်ဆိုရင်  လည်း  ဒါ ဆိုင်ရာလူတွေရဲ့သဘောပဲ။ ကျုပ်တို့က  တော့ အလုပ်သမားနဲ့ တိုင်းပြည်နာမယ်ဆိုရင်တော့ ဒီတိုင်း အရေးယူရလိမ့်မယ်။ အဲဒါ တိတိလင်းလင်းပဲ ကျုပ် ပြောတယ်။ (ပုလိပ်တို့ ဘာတို့ မသုံးချင်ပေမယ့်  သုံးလာရလိမ့်မယ်။)
နိုင်ငံရေးနဲ့ စီးပွားရေးမရှာဘူး
ကျုပ်တို့ အလုပ်သမားတွေရဲ့ တရားတဲ့ တောင်း ဆိုချက်တွေ မပေးဘူးလို့ မဆိုဘူး၊ ပေးရအောင် ချက်ချင်း စီစဉ်ကြစို့။ အဲဒါကို ပြောတယ်။ ဒါကို အတင်းအကျပ်ကိုင်တာဟာ ဒီဟာကို ချက်ချင်းပေးမှ ဖြစ်မယ်ဆိုပြီး သပိတ်မှောက်တာပဲ။ အဲဒါ ခင်ဗျားတို့ သိအောင် ကျုပ် ပြောပြတာပဲ။ ကျုပ်ကတော့ ခင်ဗျား တို့ကို မလိမ်ဘူး။ ရှေးကလည်း မလိမ်ဘူး၊ အခုလည်း မလိမ်ဘူး၊  နောင်လည်း မလိမ်ဘူး။  သခင်စိုးတို့လို  ဘုရားငဆောင်ကျင့်နည်း၊ သူများ သားပျိုသမီးပျိုတွေ လည်း မဖျက်ဆီးဘူး၊ ရွှေငွေ စိန်ကျောက်တွေလည်း ကျုပ်တို့ ရအောင်မလုပ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရှာဖို့  မလုပ်ဘူး။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုလည်း ရန်သူ့လက် ဘယ်တော့မှ မအပ်ဘူး။
ထုတ်ပစ်ဖို့မှတစ်ပါး တခြားလမ်းမရှိ
အဲဒါတွေကို  ကွန်မြူနစ်တွေက  လုပ်တယ်။ ကွန်မြူနစ်တွေဟာ တိုင်းပြည်အပေါ်၊ အလုပ်လုပ်တဲ့လူ အချင်းချင်းအပေါ် ညီညွတ်ရေး ပျက်ပြားရာပျက်ပြား ကြောင်း၊ လွတ်လပ်ရေး ကြန့်ကြာရာကြန့်ကြာကြောင်း သစ္စာဖောက် လုပ်ခဲ့တယ်။ သဘောတူဆုံးဖြတ်ခဲ့တဲ့ အချက်တွေ ဖောက်ဖျက်ပြီး အတွင်းဆွေးနွေးတာတွေ အပြင်ထုတ်ပြော၊ မဟုတ်မမှန်တာတွေ လုပ်ပြော၊ အချင်းချင်းအပေါ် ပုတ်ခတ်၊ သူတို့ ခေါင်းဆောင်ဖြစ် ပြီးရောဆိုပြီး သူတို့ပါတီကြီးစိုးရေးကိုသာ ပထမလုပ် တယ်။ ကျုပ်တို့က ဖဆပလဟာ ညီညွတ်ရေးအင်အားစု ကြီး၊ ဒီအင်အားစုကြီးတည်တံ့မှ၊ တိုးတက်မှ ဗမာပြည် လွတ်လပ်ရေး မြန်မြန်ရမယ်။ ကောင်းကောင်းရမယ်။ အဲဒီလို ကျုပ်တို့ ယူဆတယ်။ သူတို့ အကြိမ်ကြိမ် အဖန် ဖန် သူတို့ရဲ့အယူအဆတွေကို မလျှော့ဘူး။ ဘာ ဆုံးဖြတ်ချက်  ရှိတယ်လို့ပဲ  သူတို့ သဘောထားထား၊ သူတို့ လုပ်ချင်ရာလုပ်တယ်။ အဲဒီတော့ ကျုပ်တို့က သူတို့ကို ထုတ်ပစ်ရုံကလွဲလို့ တခြား ဘာနည်းလမ်းမှ မရှိတော့ဘူး။
ဒီလောက်ကြာကြာထားရတာ ဘာကြောင့်လဲ
အဲဒါနဲ့ ခင်ဗျားတို့ မေးချင်မေးကြမယ်။ ဒီလောက် ဆိုးနေတဲ့လူတွေကို ဘာလို့ ဒီလောက်ကြာကြာထားရ သလဲဆိုတာ မေးနိုင်တယ်။ ကျုပ်တို့က နယ်ချဲ့သမား တွေကို တိုက်ဖျက်ရေးအင်အားများ နည်းသွားမလား လို့ ချိန်ဆနေတာကတစ်ကြောင်း၊ သူတို့အထဲမှာ တချို့လူတော်တွေကို အားနာနေတာကတစ်ကြောင်း၊ မုဆိုးတို့မည်သည် လက်နက်လေးမြားကောင်းကို ချစ် မြတ်နိုးရမယ်ဆိုတဲ့အတိုင်း လူကောင်းများကို ငဲ့ညှာ သော အားဖြင့် သူတို့ပါတီကို ပြုပြင်ရင် တဖြည်းဖြည်း  ရလိမ့်အုံးမယ်လို့ ငုံးကလေးများလို တစ်နေ့သော် လည်း  အမြီးပေါက်နိုးနိုးနဲ့ စောင့်ဆိုင်းမျှော်လင့်နေခဲ့တာပဲ။ အဲဒီအကြောင်းတွေကြောင့် ဒီလောက်ကြာအောင် သည်းခံလာတာပဲ။ ကျေနပ်လို့တော့ မဟုတ်ဘူး။
အစစ်ဆေးခံရန်အသင့်
အခုတော့ သူတို့လုပ်တာတွေဟာ လွန်နေရုံမက ဘူး။ သူတို့နဲ့လုပ်ရင်မတိုး နောက်ပြန်ဆုတ်မှာ စိုးရိမ် ရတဲ့အတွက် သူတို့ကို ထုတ်ပစ်ရတာပဲ။ တချို့က သူတို့ထုတ်ပစ်တာ မစောဘူးလား။ ဦးစီးအဖွဲ့အစည်း ထိအောင် မစောင့်နိုင်ဘူးလား ပြောကြတယ်။ ကျုပ်တို့ အရင်တုန်းက စောင့်ခဲ့တော့ ကျုပ်တို့ပဲ ခံရတာပဲ။ သူတို့က အင်မတန် အငြင်းသန်တဲ့လူတွေ။ အခုတော့  ကျုပ်တို့ အရင်ဦးအောင် ချတာပဲ။ ဒီလို မချရင် ဒီလူ  တွေနဲ့ မဖြစ်ဘူး။ အတိုချုပ်ရရင်  ကျုပ် ဘယ်လိုလူလဲ။ မိန်းမရေးမှာ ရှုပ်ထွေးသလား။ တခြားလုပ်ဖော်ကိုင်ဖက် တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေ ကို လူထုရှေ့မှာ ဘယ်အချိန်အခါမဆို အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ်ခေါင်းဆောင်တွေကော တခြား ဖဆပလ အပြင်ဘက်က ခေါင်းဆောင်တွေ ကော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ် နောက်ဆုံးစကား ဆိုလိုက်တယ်။
Xxx
ဗိုလ်ချုပ်အောင်ဆန်းသည် ကွန်မြူနစ်တို့၏ လုပ်ရပ်အတော်များများကို မိန့်ခွန်းထဲတွင် ထည့်သွင်း ဖွင့်ချသွားခဲ့ခြင်း ဖြစ်သည်။ ကွန်မြူနစ်ပါတီသည် ပါတီ အရေးကိုသာ ရှေ့တန်းတင်လာခြင်း၊ ဖဆပလ သဘော မတူသော သပိတ်တိုက်ပွဲများကို ဆင်နွှဲခြင်း၊ ဖဆပလ နှင့် ဗိုလ်ချုပ်အောင်ဆန်းကို ပုတ်ခတ်ခြင်း စသည်တို့ ကို ကြိမ်ဖန်များစွာ ကျူးလွန်လာရာ လွတ်လပ်ရေး ကြိုးပမ်းမှု၏ အနှောင့်အယှက်ဖြစ်လာသည်။ ကွန်မြူနစ် တို့ကလည်း လွတ်လပ်ရေးကြိုးပမ်းမှုတည်းဟူသော  အမျိုးသားရေးထက် လူတန်းစား တိုက်ပွဲ တည်းဟူသော  အယူဝါဒရေးရာ၊ ပါတီရေးရာကို ပိုမိုဦးစားပေးလာ ကြတော့သည်။ သို့နှင့် ဖဆပလသည် ကွန်မြူနစ်ပါတီ ကို အရေးယူ ထုတ်ပယ်ပြီး လက်တွဲဖြုတ်လိုက်ရ တော့သည်။
ဖဆပလနှင့် ကွန်မြူနစ်တို့၏ပဋိပက္ခဂယက်ရိုက်မှု
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖဆပလ အဖွဲ့ချုပ်မှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ်လိုက် သည်နှင့် ယင်းပဋိပက္ခ၏ဂယက်သည် မြန်မာ့နိုင်ငံရေး အင်အားစုများအတွင်းသို့ ချက်ချင်း ပျံ့နှံ့သွားရသည်။  ဖဆပလမှဦးဆောင်ဖွဲ့စည်းထားသည့် ပြည်သူ့ရဲဘော် အဖွဲ့သည် ချက်ချင်းပင် လှုပ်လှုပ် ရွရွ ဖြစ်သွား သည်။ ပြည်သူ့ရဲဘော်အဖွဲ့ဝင်များမှာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ ကြသော တော်လှန်ရေး ရဲဘော် ဟောင်းများ ဖြစ်သည်။ ကန္ဒီစာချုပ်အရ တပ်မတော်ကို ပြန်လည် ဖွဲ့စည်းရာတွင် တပ်မတော်သို့ ဝင်ခွင့်မရသော ရဲဘော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များကို စုစည်းထားခြင်းဖြစ်သည်။  နိုင်ငံရေးနှင့် မပတ်သက် သော အရေးကိစ္စများကိုသာ ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ထားကြသည်။ နိုင်ငံရေး နှင့်ပတ်သက်၍ ဦးစီးဦးကိုင်မှာ ဖဆပလပင် ဖြစ်သည်။  ပြည်သူ့ရဲဘော်များသည် ဒုတိယကမ္ဘာစစ်ကြောင့် တိမ်ကောခဲ့ရ သည့် လယ်မြေများ ပြန်လည်ဖော်ထုတ် ရေးတွင် ပါဝင်လုပ်အားပေးခဲ့ကြသည်။
ကွန်မြူနစ်ပါတီသည် ပြည်သူ့ရဲဘော်အဖွဲ့ချုပ် အတွင်းသို့လည်း ထိုးဖောက်စည်းရုံး၍ မိမိပါတီဘက် ပါဝင်လာစေရန် ဆွဲဆောင်ခဲ့သည်။ ထို့ကြောင့် ပြည်သူ့ ရဲဘော်အချို့သည် ကွန်မြူနစ်ပါတီလိုလားသူများ ဖြစ် လာသည်။ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်သည် ဗိုလ်ချုပ် အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တိုက်ရိုက် ရှိနေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော် စစ်သေနာပတိဖြစ်သည်။ ဦးစီးအဖွဲ့တွင် ဗိုလ်မှူး အောင်၊ ဗိုလ်လရောင်၊ ဗိုလ်ထွန်းလင်း၊ ဗိုလ်သိန်းတန်၊ ဗိုလ်တိုက်စိုး၊ ဗိုလ်အောင်မင်း၊ ဗိုလ်မင်းဆွေတို့ ပါဝင် ကြသည်။ တစ်ပြည်လုံးအတိုင်းအတာအရ အင်အား တစ်သိန်းကျော်ခန့် ရှိသည်။ သို့သော် နိုင်ငံရေးပါတီ များက သူ့လူကိုယ့်လူ ထိုးဖောက်စည်းရုံးမှုကြောင့် ပါတီကွဲများရှိနေကြသည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် ကွဲနေသည်။ ထိုအချိန်က သက်တမ်းနုနယ်လှသေးသော  တပ်မတော် အတွင်းမှာပင် ဆိုရှယ်လစ်၊ ကွန်မြူနစ် စသည်ဖြင့် ကွဲပြားနေချိန် ဖြစ်သည်။ (၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ။)
ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက် သောအခါ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဗိုလ်သိန်းတန်က လည်း တပ်နီကို ခွဲထွက်ထူထောင်သည်။ တပ်နီမှာ  ပြည်သူ့ရဲဘော်အဖွဲ့ထဲမှ စည်းရုံးထားသည့် ကွန်မြူနစ် များဖြစ်သည်။ ဗိုလ်သိန်းတန်က တပ်နီ၏ သေနာပတိ အဖြစ်ဆောင်ရွက်ပြီး ဗိုလ်အောင်မင်း(တောခို၊ အလင်း ဝင်၊ သေဆုံး)က ဦးစီးအဖြစ် တာဝန်ယူသည်။ (၁။        ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း။) ဗိုလ်အောင်မင်းကို တပ်နီဗိုလ်ချုပ်ဟု ကွန်မြူနစ်ပါတီက နာမည်တပ်ပေးသည်။ တပ်နီသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ခါးပိုက်ဆောင် တပ်ဖြစ်လာသည်။ တပ်မတော် အတွင်းတွင်လည်း ဖဆပလနှင့် ကွန်မြူနစ်ပါတီ၏ ပဋိပက္ခဂယက်မှာ ပြင်းထန်စွာ ဂယက်ရိုက်လာသည်။
ကွန်မြူနစ်များနှင့်   ပြည်သူ့ရဲဘော်များမှာ တဖြည်းဖြည်း ရန်စောင်လာကြသည်။ အပြန်အလှန် ဆန္ဒပြ ကန့်ကွက်ပွဲတွေ ကျင်းပလာကြသည်။ အချို့ နေရာများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ပါ ပေါ်ပေါက်လာ သည်။ ပဲခူးနှင့် ဝေါတွင် ဆန္ဒပြပွဲများ ပြင်းထန်ပြီး ဖျာပုံနှင့် ပျဉ်းမနားတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာ သည်။ (၂။     သိန်းဖေမြင့်၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ။) ရခိုင်တွင်လည်း ဦးပညာသီဟ၏ ရခိုင်တိုင်း ဖဆပလနှင့် ဦးစိန္တာ၊ ဗုံပေါက်သာကျော်တို့လူစု သဘောထားကွဲလာသည်။  ဦးစိန္တာနှင့် ဗုံပေါက်သာကျော်သည် လက်နက်ကိုင် ထကြွမှုများပြုလုပ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် ပြည်သူ့ရဲဘော်များအား အောက်ပါအတိုင်း မိန့်ခွန်း မြွက်ကြားခဲ့သည်။ (၃။        မောင်ကျော်ရင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သောမိန့်ခွန်းမျ)ား။
Xxx
တိုင်းပြည်နှင့် လွတ်လပ်ရေးကို အလျင်လုပ်ရမယ်
ငါတို့ ပြည်သူ့ရဲဘော်တပ်ဖွဲ့အစည်းအဝေးကို အခုလို ရုတ်တရက်ချက်ချင်းခေါ်ရခြင်းဟာ ကွန်မြူနစ် ပါတီ သံယောဇဉ်မကင်းတဲ့ ရဲဘော်များတပ်ဖွဲ့မှ ထွက်ခွာသွားခြင်းကို ရဲဘော်အပေါင်း ရှင်းလင်းသိရှိ ဖို့ကို ခေါ်ရခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ သံယောဇဉ် မကင်းဘဲ တပ်ဖွဲ့ကထွက်သွားတဲ့ ရဲဘော်များအတွက် အချို့ အချောင်သမား စားဖားသတင်းစာတစ်စောင် ကဖြစ်စေ၊ နောင် ကွန်မြူနစ်ပါတီဝင်အချို့နဲ့ မကင်း တဲ့ပုဂ္ဂိုလ်ချင်း ခင်လို့ မင်လို့ အားနာတဲ့ သတင်းစာ တစ်စောင် နှစ်စောင်က ပြည်သူ့ရဲဘော်တပ်ဖွဲ့ နှစ်ခြမ်း ကွဲပြီလို့ ရေးသားကြတယ်။
ငါတို့ဆီမှာ စာတွေ
သူတို့  ဘာကြောင့်  ထွက်သွားရသလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ငါတို့ဆီမှာ စာတွေ ရှိတယ်။  အဲဒီစာတွေထဲမှာတော့  စာလေးငါးခြောက် ကြောင်းလောက်နဲ့ လူသုံးယောက် လက်မှတ်ထိုးထား တယ်။ သို့သော်လည်း သူတို့ သတင်းစာထဲထည့်တဲ့ ကြေညာချက်မှာ အကျယ်တဝင့် ဘာကြောင့်ထွက်ရ တယ်လို့ ရေးထားတယ်။ အဲဒီလိုရေးတဲ့အကြောင်းနဲ့ ပတ်သက်ပြီး တစ်ပိုဒ်စီ ရှင်းပြမယ်။ ရရှိထားတဲ့ အတွင်း စာတစ်စောင်ကိုတော့ ငါ မပြောတော့ဘူး။ ရှည်လည်း ရှည်၊ ပါဠိလေနဲ့ရေးထားတော့ နားလည်းလည်မှာ မဟုတ်ဘူး။
အိန္ဒိယနောက် လိုက်နေတယ်
တိုင်းပြည်ကြေညာချက်နဲ့ ပတ်သက်လို့ ရှင်းရ  မယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ရေးနေကြတာ ကို ကြည့်ရတာ အိန္ဒိယပြည်က ကွန်မြူနစ်ခေါင်းဆောင် ကြီးများရဲ့ ညွှန်ကြားချက်အရနဲ့ တူတယ်။ အိန္ဒိယပြည် ကွန်မြူနစ်တွေလုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ပြောရရင် ဆိုဗီယက်ယူနီယံကတောင် မကြိုက်ဘူးဆိုသေးတယ် ဆိုတာကို အတွင်းကျကျ သိရတယ်။
အိန္ဒိယလက်ယာသမားများ
အိန္ဒိယပြည်မှာ  လက်ယာသမား  ကြီးစိုးတဲ့ ကွန်ဂရက်အဖွဲ့ကြီးကို  တစ်တိုင်းလုံးတစ်ပြည်လုံး ယုံကြည်အားကိုးတယ်ဆိုတာ ဘယ်မှာ ထင်ရှားသလဲ ဆိုရင် ရွေးကောက်ပွဲမှာ ထင်ရှားတယ်။ ကွန်ဂရက်မှ နေပြီး နောက်လိုက်လူထုရှိနေတယ်ဆိုတာ ထင်ရှား တယ်။ ယနေ့အထိ ဒီလူထုကို ထိန်းသိမ်းထားရလို့ ရတာဟာ လူမျိုးရေးတရားနဲ့ကြည့်ရင် လူမျိုးရေးအဖွဲ့ အစည်းဖြစ်တယ်။ သို့သော်လည်း လက်ယာသမားများ လွှမ်းမိုးတဲ့ အဖွဲ့ဖြစ်တာမှန်တယ်။ အဲဒီကွန်ဂရက်အဖွဲ့ ကြီးမှာ လူထုနောက်လိုက် ရှိတယ်ဆိုတာ ဘာကြောင့် လဲဆိုရင် ကွန်ဂရက်အဖွဲ့ခေါင်းဆောင်တဲ့ ဂန္ဒီ၊ နေရူး တို့ဟာ လူထုလုပ်ငန်းကို သစ္စာမဖောက်ဘဲ လုပ်တယ်။  သူတို့မှာလည်း အယူအဆသဘောကွဲလွဲမှု ရှိကြတယ်။  သို့သော် ဒီကွန်ဂရက်အဖွဲ့ကြီးကို တစ်မျိုးပေါင်းပြီး အမျိုးသားတပ်ပေါင်းစုအဖြစ် ဝင်လုပ်နေကြခြင်းပဲ။
အိန္ဒိယမှာ ထုတ်ပစ်တယ်
ဒီစစ်ကြီးအတွင်း အင်္ဂလိပ်အစိုးရနဲ့ ပူးပေါင်းရေး ကိစ္စဆို၍ နယ်ချဲ့စစ်ကြီးမှ ပြည်သူ့စစ်ကြီး အထိ ပြောင်းလဲသည်ဆိုပြီး စွပ်စွဲကြတယ်။ အဲဒါ ငါတို့နဲ့ မဆိုင်ဘူး။ နောက်ဆုံး ကွန်ဂရက်အဖွဲ့ကြီးမှာ ဆူပူ သောင်းကျန်းလာတော့ ကွန်မြူနစ်တွေ အကုန်ထုတ် ခံရတာပဲ။ ငါတို့ဆီမှာလည်း စတင်လုပ်ကိုင်တုန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဗမာ့တပ်မတော်တို့ ပူးပေါင်း ခဲ့ကြတယ်။ နောက်မှပါဝင်လာတဲ့ လူကြီးတွေက သိပ် များတာမဟုတ်ဘူး။ အင်အားလည်း မတောင့်ဘူး။
သစ္စာဖောက်နေကြတယ်
အခု ကွန်မြူနစ်လက်ယာသမားများက လက်ဝဲ သမားတွေကို ဖျက်ဆီးဖို့ လုပ်နေကြတယ်။ အဲဒီလို အခါမှာ အိန္ဒိယပြည်အခြေအနေမျိုးကို သူတို့က ပြောဆိုတယ်။ သူတို့က အိန္ဒိယပြည်လို မထူးတဲ့အခြေအနေ ကို ဗမာပြည်ကယူပြီး အိန္ဒိယပြည်ကွန်မြူနစ် ပီစီဂျိုရှီ လမ်းညွှန်မှုကို လိုက်နေတယ်။ မရှိတဲ့အားကို ရှိလေ ဟန်  ပြောဆိုလုပ်ကိုင်နေကြတယ်။   သူတို့ဟာ တိုင်းပြည်အရေးတော်ပုံ၊ လွတ်လပ်ရေးအရေးတော်ပုံ တွေမှာ ကာယကံအားဖြင့် သစ္စာဖောက်နေတယ်။ သူတို့စကားတွေနဲ့ ပြောရရင် အိန္ဒိယအခြေအနေကို ဗမာပြည်ယူလာပြီးလုပ်နေတဲ့ဟာ ဗမာပြည်မှာရှိတဲ့ ဘဝနဲ့  ကင်းကွာပြီး  ဗမာပြည်ဘဝ  အသိÓဏ်နဲ့ မလုပ်ကြတဲ့သဘောပဲ။ အဲဒါ သူတို့ ကွန်မြူနစ်တွေ စကားနဲ့ အပြောပဲ။
ဖဆပလအကြောင်း
ဖဆပလ အဖွဲ့ချုပ်ကြီးဟာ နယ်ချဲ့သမားကို အပြုတ်တိုက်ရေးမှာ စေ့စပ်ရေးလမ်း လိုက်တယ်ဆိုပြီး  ပြောနေတယ်။ သို့သော်လည်း ဖဆပလအဖွဲ့ချုပ်ကြီး ဟာ   မိမိမူလရည်ရွယ်ချက်အတိုင်း   မဖျက်ဘဲ ဆောင်ရွက်နေတဲ့အတွက် လူထု ယခုတိုင်ရှိသေးတယ်  ဆိုတာ အထင်အရှားပဲ။ နယ်ချဲ့သမားကို ဖဆပလ အဖွဲ့ချုပ်က မတိုက်ဘူးဆိုတာ မဟုတ်ဘူး။ စေ့စပ်ရေး လမ်းကိုလိုက်ရင် ကွန်မြူနစ်တွေက ဘာကြောင့် မတိုက် သလဲ။ ဒီစေ့စပ်ရေးနည်းလမ်းကို ဖဆပလက လိုက် သလား။ သို့မဟုတ် စီတန်းလမ်းလျှောက် တာကို အစိုးရ ထံ အမိန့်တောင်းခံရန်အတွက် ကွန်မြူနစ်ရဲ့ အကြံ ပေးချက်ပဲ။  ဒီစီတန်းလမ်းလျှောက်ရုံနဲ့ နယ်ချဲ့  တိုက်ဖျက်ရေးလို့ မယူဆနိုင်ဘူး။ အဖွဲ့ချုပ်ကြီးသည် အစိုးရအဖွဲ့ထဲ ပါဝင်ခြင်းသည် စေ့စပ်ရန်ခေါ်မလား။ ကွန်မြူနစ်ပါတီ  အထုတ်ခံရခြင်းကို  ဘာကြောင့် မကန့်ကွက်သလဲ။ အဘယ့်ကြောင့် ရာထူးနှစ်နေရာ တောင်း သလဲမေးရင် ဘယ်လိုဖြေမလဲ။ ဘုရင်ခံ ထွက် ခိုင်းလို့ ထွက်ရတာကို ကျုပ်ထွက်လို၍ ထွက်တယ် ဆိုခြင်းဟာ ဘာသဘောလဲ။
အပြစ်တစ်ခုဖော်ခြင်း
မိမိတို့ လိုလားချက်များကို ဆောင်ရွက်သွားရာ၌ ရည်ရွယ်ချက်အားဖြင့် လမ်းလွဲလုပ်ခြင်းသည် လုပ် နည်းတစ်မျိုးသာ  ဖြစ်တယ်။  တစ်ဦးနှင့်တစ်ဦး အေးချမ်းသာယာစွာ လုပ်ကိုင်ခြင်းသာ စေ့စပ်ရေး ဖြစ်တယ်။ ¤င်းလမ်းကို ကွန်မြူနစ်တို့သာ လိုက်နေခြင်း ဖြစ်တယ်။ တစ်ရံရောအခါက ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို   ကွန်မြူနစ်ခေါင်းဆောင်များက ပြည်သူ့လွတ်လပ်ရေးကို မတော်ဟုဆို၍ အဖြုတ်ခိုင်း ခြင်း မဟုတ်ပါလော။
သခင်စိုး ဘယ်လမ်းလဲ
ယခုအခါမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံလေး များ မရှိဘူးလားဆိုတာကို ကွန်မြူနစ်တွေရေးပြီး သခင်စိုး  ဝေဖန်ထားတာရှိတယ်။  ဒီလိုလမ်းတွေ လိုက်နေတာပဲ။ ကျုပ်တို့ဘက်မှာ တစ်ယောက်မှမရှိဘူး။ သူတို့ပဲလမ်းလွဲတွေလိုက်နေတယ်။ အေးချမ်းသာယာစွာ လွတ်လပ်ရေးရယူဖို့ကို မမှိတ်မသုန်ဆိုတာလည်း သူတို့ ပဲ။ ဖဆပလ အဖွဲ့ချုပ်ဟာ လုံးဝ လွတ်လပ်ရေးကို လုပ်နေတယ်။ လမ်းလွဲကို မလိုက်။ ကွန်မြူနစ်များသာ နယ်ချဲ့သမားနဲ့ပေါင်း၍ ဖဆပလကိုဆန့်ကျင်လုပ်ကိုင် နေတယ်။
လက်ကိုင်တုတ် မလုပ်နဲ့
ငါတို့ ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် ဖဆပလ အဖွဲ့ ကြီးအား လမ်းမှန်လိုက်၍ ယုံကြည်စွာ အားပေး ထောက်ခံခြင်း ဖြစ်တယ်။ ကွန်မြူနစ်ပါတီကောင်းစား ရေးအတွက်  လက်ကိုင်တုတ်လုပ်ခြင်းကို  ငါတို့ မထောက်ခံနိုင်။ ငါတို့သည် လူထုတိုက်ပွဲများ၌ ပါဝင် ခဲ့တယ်။ ရှေ့တွင် ဆက်လက်ပါဝင်ရန် ဖြစ်တယ်။ ပါတီ တစ်ခုနာမည်ရဖို့ ငါတို့ အားမပေး။ ယခုလည်း အားမပေး။ နောက်လည်း အားမပေး။
အာဏာရှင် စွပ်စွဲ

ရဲဘော်တပ်ဖွဲ့ ညွှန်ကြားချက်တွေကို လာပြတာပဲ ရှိတယ်။ ထုတ်တဲ့ အမိန့်ညွှန်ကြားချက်ဟာ အမှုဆောင် နဲ့ ဗိုလ်မှူးအောင်ပဲ ရှိတယ်။ ထုတ်တဲ့အခါမယ် ကွန်မြူ နစ်ကလူတွေနဲ့ပဲ တိုင်ပင်ပြီး ထုတ်တယ်။ တချို့ ညွှန် ကြားချက်တွေကို ကွန်မြူနစ်တွေက ဗဟိုကို အကြောင်း မကြားဘဲထုတ်လို့ နယ်ကိုယ်စားလှယ်တွေနဲ့ စကားများ ကြတယ်။ အဲဒီအတွက် နောက်ညွှန်ကြားချက်ထုတ်ရင်  ငါ့ကို လာပြရမယ်ဆိုတာကို အာဏာရှင်လို့ စွပ်စွဲတာ။ မင်းတို့ပဲ စဉ်းစားကြ။

Monday, January 30, 2012

လုပ်ငန်းစဉ် ခြောက်ရပ်

လုပ်ငန်းစဉ် ခြောက်ရပ်

ဧပြီလ ၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သော အထွေထွေ တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် (ဖဆပလ) အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များ အများအပြား အရွေးခံခဲ့ရလေသည်။ ပြည်မ၌ ကွန်မြူ နစ် အမတ်ခုနစ်နေရာမှတပါး ကျန်မဲဆန္ဒနယ်များတွင် ( ဖ ဆ ပ လ) အဖွဲ့ဝင်များအရွေးခံရ၏။ ထို့ကြောင့်လွှတ်တော်တွင် အမတ်ဦးရေအများဆုံးရရှိသော (ဖဆပလ) အဖွဲ့သည်အမျိုးသားအစိုးရအဖွဲ့ကိုဖွဲ့စည်း နိုင်ခဲ့လေသည်။ (ဖဆပလ) အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် ရှေ့ တွင် တိုင်းပြည်လွတ်လပ်ရေး ကိစ္စများကို မည်သို့ လုပ်ဆောင်မည်၊ အစီအစဉ်မည်သို့ရှိသည်၊ အတိုက်အခံအဖွဲ့တွေက မည်သို့ဖျက်ဆီးနေသည်၊ ရှေ့ တွင်လည်း မည်သို့ဖျက်ဆီးလာကြမည်။ လွတ်လပ်သော ဗမာပြည်သည် မည်သို့သော ပုံသဏ္ဍာန်အနေအထားမျိုးဖြင့်ရပ် တည်မည် ... စသော ကိစ္စများကို ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်သို့ ရှင်းလင်းတင်ပြသည်။
အောက်ပါ ရှင်းလင်းတင်ပြချက်မှာ ၁၉၄၇ ခု၊ ဧပြီလ ၁၇ ရက်နေ့ညတွင် မြန်မာနှစ်သစ်ကူး မိန့်ခွန်းအဖြစ် အသံ လွှင့်ရုံမှ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။
ယခု မြန်မာ နှစ်ဟောင်းကုန်လို့ မြန်မာနှစ်ဆန်း လာခဲ့ပြီ။ ဒီလို နှစ်ဆန်းလာတော့ ရှေ့ရေး၊ နောက်ရေးတွေ တွေးပြီး မြန်မာပြည်ရှေ့စခန်း ဘယ်လိုသွားရမည်ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ကူးသစ်တွေကို ပြောပြချင်ပါတယ်။ ကျွန်တော့်အမြင်က ယခုဆန်းလာတဲ့ နှစ်သစ်ဟာ လွတ်လပ်တဲ့ ဗမာပြည်သစ် ဖန်တီးဖို့ အခြေခံရှိတယ်လို့ ကျွန်တော် ယုံကြည်ယူဆတယ်။ ယခု တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတော့ဖြင့် ချောချောမောမော ပြီးသွားပြီ။ ဒီပြီးသွားတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးကို ကြည်ခြင်းအားဖြင့် ကျုပ်တို့ဘာတွေ့ရလဲ။ တိုင်းပြည်က ဖ၊ဆ၊ပ၊လ ကို စိတ်ရောကိုယ်ပါ ထောက်ခံအားပေးနေတယ်ဆိုတာ ထင်ထင်ရှားရှားကြီး တွေ့ရတယ်။ မြန်မာပြည်တပြည်လုံး အရွေးခံရတဲ့ တိုင်းပြု ပြည်ပြု အမတ်စာရင်း မသိရပေမယ့် ဖ၊ဆ၊ပ၊လ အမတ်ဦးရေ အများဆုံးမယ်ဆိုတာ သိရတယ်။ အမှန်စင်စစ် ဖ၊ဆ၊ပ၊လ စည်းရုံးရေး လုပ်ငန်းတွေဟာ ကောင်းသင့်သလောက် မကောင်းသေးဘူး။ အင်မတန်ပဲ ချွတ်ယွင်းနေတယ်။ ယခု ဖ၊ဆ၊ပ၊လ စည်းရုံးရေး စံနစ်ထက် အတော်အတန် ကောင်းကောင်းသာ လုပ်နိုင်မယ်ဆိုယင် ဖ၊ဆ။ပ၊လ အမတ်နေရာ ၁၈၂ နေရာစလုံး တောင်းရနိုင်တယ်။ တိုင်းပြည်က လူတွေက ဖ၊ဆ။ပ၊လ ကို ထောက်ခံတာဟာ မြန်မာပြည်မှာ ဘယ်တုန်းကမှ မဖြစ်သေးဘဲ အလိုအလျောက် မိမိတို့ တာဝန်သိပြီး ထောက်ခံမဲ ပေးကြခြင်းဖြစ်တယ်။ တိုင်းပြည်က ဖ၊ဆ၊ပ၊လ ကို အလိုအလျောက် ၀ိုင်းဝန်းပြီး မဲပေးကြတဲ့နေရာမှာ ပုဂ္ဂိုလ် သဘောမပါဘဲ အဖွဲ့သဘော မဲပေးကြခြင်းကို ထူးထူးခြားခြား တွေ့ရပြန်တယ်။ ဘာပြုလို့လဲဆိုယင် အချို့ ဖ၊ဆ၊ပ၊လ အမတ်လောင်းတွေဟာ ဖ၊ဆ။ပ၊လ ကသာ မထောက်ခံဘဲ အရွေးခံမယ် ဆိုယင် ဘယ်နယ်ကမှ အရွေးခံရမည် မဟုတ်ဘူး ဆိုတာ တိုင်းပြည် တပြည်လုံး သိသလောက် ဖြစ်နေတာပဲ။

ယခု ရွေးကောက်ပွဲဟာ မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေး အဆင့်အတန်း တိုးတက်မှုကို ထင်ထင်လင်းလင်း ပြထားတယ်။ တိုင်းပြည်လူထုက ဖ၊ဆ၊ပ၊လ ကို ထောက်ခံတယ် ဆိုတာ ဘယ်လို သဘောနဲ့ ထောက်ခံတယ် ဆိုတာကိုလဲ ကျွန်တော်တို့ စိစစ်ဖို့ လိုလိမ့်မယ်။ တိုင်းပြည် လူထုက ဖ၊ဆ၊ပ၊လ ကို ထောက်ခံတဲ့ သဘောဟာ လွတ်လပ်ရေး တနှစ်အတွင်း လိုချင်တဲ့ သဘောဘဲ။ ဖ၊ဆ၊ပ၊လ က လွတ်လပ်ရေး ရရန်အတွက် သတ်မှတ်ထားတဲ့ လမ်းစဉ်ကို လူထုက ထောက်ခံတဲ့ သဘောဘဲ။ တိုင်းပြည်က ဖ၊ဆ၊ပ၊လ ခေါင်းဆောင်မှုကို ယုံကြည်လိုက်နာမယ့် သဘောဘဲ။ ဘာဖြစ်လို့ ဖ၊ဆ၊ပ၊လ လမ်းစဉ်ကို ထောက်ခံ နေတာလဲ။ ဘာဖြစ်လို့ ဖ၊ဆ၊ပ။လ ခေါင်းဆောင်မှုကို လိုက်နာနေသလဲ စဉ်းစားလိုက်ယင် ဖ။ဆ၊ပ၊လ ဟာ တိုင်းပြည်ကိုလဲ သစ္စာမဖောက်ဘူး။ အရမ်းကားရောလဲ မလုပ်ဘူး။ အမှားလဲ နည်းတယ်။ ခြေလှန်းမှန်မှန်နဲ့ လုပ်ငန်း အကောင်ထည် ပေါ်အောင်လုပ်ပြနိုင်တယ်။ ဘယ်သူ့ကိုမှလဲ မကြောက်ဘူး ။ ဘယ်သူမှလဲ မမြှောက်ဘူး။ ဘယ်သူမြှောက်လို့မှလဲ မမြှောက်ဘူး။ဘယ်သူချော့လို့မှလဲ မပျော့ဘူး၊ ပျော့စိစိ အချောင်သမား စားဖားလမ်းစဉ်လဲ မလိုက်ဘူး။ ဂမူးရှူးထိုး ရမ်းရမ်းကားကား မလုပ်ကြဘူး။ လမ်းစဉ်မှန်သောကြာင့် ဖ၊ဆ၊ပ၊လ ကို တိုင်းပြည်က ထောက်ခံခြင်းဘဲ။ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က မြန်မာပြည် တနှစ်အတွင်း လွတ်လပ်ရေး ရအောင်ကြိုးစားမယ်။ အဲဒီ အတောအတွင်းမှာလဲ လောင်စာနှင့် ပြာပုံအတိ ဖြစ်နေတဲ့ မြန်မာပြည်ကို လက်ငင်း ထူထောင်ရေးလဲ လုပ်မယ။် နောင် ထူထောင်ရေးအတွက်လဲ ပြင်ဆင်သွားမယ်။ လွတ်လပ်ရေး တနှစ်အတွင်းရ အောင် လုပ်တဲ့နေရာမှာလဲ ကျုပ်တို့ဟာ အချိန်အခါ အခြေအနေကို ချင့်တွက်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်တွင်း လုပ်ငန်း၊ အစိုးရအဖွဲ့တွင်းလုပ်ငန်းတွေနှင့်ပြင်ဖက်လူထုလုပ်ငန်း တော်လှန်ရေးလုပ်ငန်းတွေကို သင့်တော်သလို တွဲ ဖက်လုပ်ကိုင်သွားမယ်။ သို့သော်လည်း တိုင်းပြည်အရမ်းမဲ့ နစ်နာမဲ့လမ်းကိုတော့ ဘယ်သူကဘာပြောပြော ဘာထင်ထင် ဘာဖြစ်ဖြစ် မလုပ်နိုင်ဘူးဆိုတာ တိတိလင်းလင်းပြောချင်တယ်။ အကယ်၍သာယခုကျွန်တော်တို့ ရ ထားတဲ့တိုင်းပြည်လူထု ညီညွတ်ရေးနဲ့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးဟာ မပျက်ပြားဘဲ ဆက်လက်တိုး တက်သွားပြီး ကျုပ်တို့လုပ်ကိုင်ဆောင်ရွက်သွားကြမယ်ဆိုယင် လွတ်လပ်ရေးကိုအခက်အခဲနည်းနည်းနှင့် ရနိုင် လိမ့်မယ်လို့ယုံကြည်တယ်။ ယခုအခါမှာ ဆိုလို့ရှိယင် ကမ္ဘာ့အခြေအနေဟာ ရှေးကထက်တိုးတက်လာတယ်ဆိုတာ အထူးရှင်းစရာမလိုဘူး။ ပြီးတော့ အာရှတိုက် နိုင်ငံတွေဟာလဲ အထူးဘဲနိုးကြားလာပြီဆိုတာ အကျယ်တ၀င့် ပြောနေစရာမလိုဘူး။ နောက်ပြီးတော့ ကျွန်တော်တို့မြန်မာပြည်ဟာလဲ နိုင်ငံရေးသူငယ်နှပ်စားဘ၀က လွန်မြောက်လာပြီး ကိုယ့်အင် ကိုယ့်အားနဲ့ လက်နက်တွေနဲ့ ကိုယ့်နိုင်ငံခြားအဆက်အသွယ်တွေနဲ့ ဖြစ်လာပြီးတော့ ဗြိ တိသျှနယ်ချဲ့ စနစ်ဟာလဲ အင်မတန်အားနည်းလာပြီ။ ၁၉၄၇ ခုနှစ် အကုန်လောက်မှာ ဆိုလို့ရှိယင် နိုင်ငံခြားစစ် တပ်တွေ အတော်များများဘဲ မြန်မာပြည်က ထွက်သွားနိုင်အောင် အခုစီစဉ်နေပြီ။ အဲဒီလို အခြေအနေတွေ ထောက်ပြီးကျုပ်တို့ လုပ်ကြမယ်ဆိုယင်တော့ဖြင့် လွတ်လပ်ရေးကို တစ်နှစ်အတွင်း အခက်အခဲသိပ်မများဘဲနဲ့ ရ နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

လွတ်လပ်ရေးဆိုပေမဲ့ နိုင်ငံရေး လွတ်လပ်ရေးတော့ဖြင့် ဗြိတိသျှပြည်ထောင်စုအပြင်ဖက် လုံးဝလွတ်လပ်ရေးကို ရဖို့ မခဲယဉ်းဘူးထင်တယ်။ သို့သော်လဲ ကျွန်တော်ရှင်းရှင်းဘဲ အခုတည်းက ပြောထားချင်တယ်။ အခု ဖြစ်နေတဲ့ မြန်မာပြည် အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ခြင်းအားဖြင့် စီးပွားရေးအရ လုံးဝလွတ်လပ်ရေး ကိုတော့ဖြင့် ကျုပ်တို့ကြိုးစားနိုင်မှ ကြိုးစားတတ်မှ တန်ရာကျမယ်လို့ ကျွန်တော်တော့ဖြင့် မြင်တာဘဲ။ “ ရွှေခါချဉ်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမဲ့ကြံ ခါးကမသန်” ဆိုတာမျိုးလို ဖြစ်နေမှာ စိုးရတယ်။ ကျွန်တော်တို့မှာ ငွေမရှိဘူး။ တတ်ကျွမ်း တဲ့လူအလုံအလောက်မရှိဘူး။ ဒီအချက်နှစ်ချက်နှင့်ပက်သက်ပြီး ဘယ်အစိုးရဘဲ မြန်မာပြည်မှာ တက်တက် နိုင်ငံခြားအကူအညီမရဘဲ မလုပ်နိုင်ဘူး။ နိုင်ငံခြားအကူအညီ ယူရတယ်ဆိုတာ အမြဲကောင်းတာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့အခြေအနေက မြန်မာပြည် ပြန်လည်ထူထောင်ဖို့ဆိုယင် နိုင်ငံခြားအကူအညီ မယူမဖြစ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ကျွန်တော့အမြင်အရဖြင့် အာရှအရှေ့ တောင်ပိုင်းမှာရှိတဲ့ အင်ဒိုချိုင်းနားပြည်၊ ယိုးဒယားပြည်၊ မလေးယားကျွန်းဆွယ်၊ အင်ဒိုနေးရှားအစရှိတဲ့ နိုင်ငံတွေနဲ့ကျွန်တော်တို့ သွေးမစည်းနိုင်သမျှ ကာလပတ်လုံးတိုင်း ပြည်စီးပွားရေးမှာ ကျပ်ပြည့်တင်းပြည့် ဖြစ်ဖို့ တော်တော်ဘဲနှစ်ရှည်လများ ကြိုးစားရလိမ့်မယ် ထင်တယ်။ ဒီကိစ္စ မှာ ကျွန်တော်တို့အခြေအနေကို ကျွန်တော်တို့ တကယ်သိမှ တကယ်အရေးကြီးတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိနိုင်မယ်။ ဒီကိစ္စဟာ မိုးလားကဲလားစကားပြောရုံနဲ့ ပြီးနိုင်တဲ့ကိစ္စမဟုတ်ဘူး။ စနစ်နဲ့စည်းကမ်းနဲ့ အမြော်အမြင် နဲ့လုပ်တတ်ကိုင်တတ်လုပ်မှ ကိုင်မှ အတော်အတန်ပြီးမြောက်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါ့ကြောင့် လွတ်လပ်ရေးရပြီး ရတဲ့လွတ်လပ်ရေးကို ဆက်လက် တည်တံ့အောင် လုပ်နိုင်ရမယ်။ ရတဲ့ လွတ်လပ်ရေးရဲ့အရသာကို မြန်မြန်ခံစားရ အောင်လုပ်ရမယ်။ အဲဒီလို လွတ်လပ်ရေးကို လိုချင်ယင် ကျုပ်တို့ဟာ အမြော်အမြင်နဲ့ စစ်ရေးစစ်ရာမှာလို ပရိယာယ်အရာ ကျွမ်းကျင်ပြီး ကျွန်တော်တို့ ကိုယ်ကိုလဲ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့အရည်အချင်းမျိုးရှိအောင် အခု ကတည်းက စတင် ပျိုးထောင်ထားဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့ဖြေရှင်းမဲ့ လွတ်လပ်ရေး ပြဿနာဟာ လွတ် လပ်ရေး အာဏာ ကျွန်တော်တို့ လက်ထဲရောက်အောင် ယူရုံနဲ့ မပြီးသေးဘဲနဲ့၊ ရပြီးတဲ့ လွတ်လပ်ရေးကို တည်တံ့ အောင်၊ တည်တံ့တဲ့ လွတ်လပ်ရေးရဲ့အရသာကို ခံစားရအောင် ဒီလိုအချက်တွေ ဖြည့်ထည့်ပြီး လုပ်သွားနိုင်မှ လွတ်လပ်ရေးတိုက်ပွဲ တိုက်စရာရှိတယ်ဆိုယင်လဲ တိုင်နိုင်လိမ့်မယ်။ လွတ်လပ်ရေးရတယ်ဆိုယင်လဲ လွတ်လပ် ရေးနဲ့ထူထောင်ရေးကို လုပ်နိုင်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးပြင်ဆင်မှုလုပ်ငန်းတွေဟာ တိုင်းပြည်ကာကွယ်ရေးနှင့်စီးပွားရေးအခြေခံတွေကို ယခုကတည်းက အုတ်မြစ်ချထားရမယ်။ အဲဒီတော့ ကျွန် တော်တို့ ဖ၊ ဆ၊ ပ၊ လ က ဒီလိုအကြောင်းကြောင်းတွေကို ထောက်ပြီး ဘာတွေလုပ်မလဲ။

၁။ လူထုညီညွတ်ရေးနဲ့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ်ရှိမှုကို ခိုင်မြဲသည်ထက်ခိုင်မြဲအောင်၊ ကြီးမား သည်ထက် ကြီးမားအောင် ဆက်လက်ကြိုးစားရမယ်။ လွတ်လပ်ရေးရံပုံငွေကိုလဲ ဆက်ကောက်ရမယ်။

၂။ အရှေ့ အာရှတောင်ပိုင်းမှာ ရှိတဲ့ နိုင်ငံတွေအားလုံးနဲ့ ပြည်ထောင်စုနိုင်ငံကြီးတစ်နိုင်ငံ နောက်ဆုံးဖြစ်သွားနိုင် အောင် အရှေ့ အာရှ တောင်ပိုင်းနိုင်ငံတွေနဲ့ သွေးစည်းမှုလုပ်ငန်းတွေကို စတင်ပြုစုပျိုးထောင်ရမယ်။

၃။ အခု အိန္ဒိယနိုင်ငံနှင့် တရုပ်နိုင်ငံကြီး နှစ်နိုင်ငံနဲ့လဲ မိတ်ဆွေရင်းချာ ဖြစ်နိုင်အောင်လဲကြိုးစားရမယ်။

၎။ လွတ်လပ်တဲ့ဗမာပြည်နဲ့ လွတ်လပ်တဲ့အင်္ဂလန်ပြည်ဟာ မိတ်ဆွေရင်းချာဖြစ်နိုင်အောင်လဲ ကြိုးစားရမယ်။

၅။ ဗမာပြည်ရဲ့ကာကွယ်ရေး အခြေခံ ရအောင်လဲဘဲ စစ်တပ်အဖွဲ့တွေ၊ လက်နက်ကိုင်စစ်တပ်တွေ Home Guard ခေါ်တဲ့ ရပ်ရွာကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းရလိမ့်မယ်။

၆။ စီးပွားရေး အခြေခံ ဖြစ်တဲ့ ထူထောင်ရေးလုပ်ငန်းအရပ်ရပ်ကို သေသေချာချာစီစဉ်ပြီး ဆောင်ရွက်လုပ်ကိုင်ရ မယ်။

အဲဒီ လုပ်ငန်းတွေ လုပ်ပြီး အဲဒီလုပ်ငန်းတွေကို လုပ်နိုင်မှ ဗမာပြည်ရဲ့လွတ်လပ်ရေးလုပ်ငန်းနှင့် ကောင်းစားရေး လုပ်ငန်းတွေကို ကျွန်တော်တို့ဆောင်ရွက်သွားနိုင်မှာဘဲ။ အဲဒီလုပ်ငန်းတွေကို လုပ်ဖို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်က ချည်း လုပ်လို့မဖြစ်ဘူး။ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ကလဲ လုပ်၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်တွေကလဲ လုပ်၊ လူထုကလဲ လုပ်၊ အစိုးရအမှုထမ်းတွေကလဲလုပ်၊ သတင်းစာတွေကလဲလုပ်၊ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်တွေကလဲ လုပ် ၊ တိုင်းပြည်လူထုက ဘယ်လိုလုပ်ကြရမလဲဆိုတာ ကျွန်တော်မပြောခင် ခင်ဗျားတို့ကိုကျွန်တော် နည်းနည်းမေး ခွန်းထုတ်ချင်တယ်။ အခု လက်ရှိအခြေအနေဖြစ်တဲ့ ဗမာပြည်ပျက်၊ ရွာပျက်၊ ကျောင်းပျက်၊ အိုးပျက်၊ အိမ်ပျက်၊ ကျန်းမာရေးပျက်၊ အကျင့်စာရိတ္တပျက်သထက်ပျက်အောင် လုပ်ခြင်းအားဖြင့် ဗမာပြည်ရဲ့လွတ်လပ်ရေးကို ရနိုင် မယ်ထင်သလား။ ဒီလိုမဟုတ်ဘဲနဲ့ အဲဒါတွေကိုပြင်ပြီး ကျွန်တော်တို့အင်အား အကောင်အထည်ကြီးမားသည် ထက်ကြီးမားအောင် လုပ်တဲ့နည်းက လွတ်လပ်ရေးကို ရအောင်လုပ်နိုင်မလား၊ အဲဒီမေးခွန်းနှစ်ရပ်ကို ကျွန်တော် မေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခုအခါမှာဆိုယင် တိုင်းပြည်လုပ်ငန်းတွေကို ဘာမှထိထိရောက်ရောက် မလုပ်တတ်ဘဲနဲ့၊ တော်လှန်ရေးစကားတွေများများပြောပြီး နယ်ချဲ့ သမားတွေကို ဘာမှ မထိဘဲ ဗမာအချင်းချင်း ဆန်လုတဲ့ကိစ္စ၊ လယ်သီးစားခ မပေးနဲ့ဆိုတဲ့ကိစ္စ၊ လယ်ခွန်မပေးနဲ့ဆိုတဲ့ကိစ္စ၊ အမတော်ကြေးမပေးနဲ့ဆိုတဲ့ကိစ္စ၊ အဲဒီလိုဟာမျိုးတွေလုပ်နေတာမှာ ကွန်မြူနစ်အဖြူအနီ အချောင်သမားတွေ လုပ်နေကြတာမှ တော်လှန်ရေးလုပ် ငန်းထင်ပြီး၊ အဲဒီဟာတွေမှ တော်လှန်ရေးအစစ်ထင်ပြီး အချို့ လူတွေထင်ယောင်ထင်မှား ဖြစ်နေသလားလို့ ကျွန် တော်မသိလို့ မေးရခြင်းဖြစ်ပါတယ်။ ဒီတော်လှန်ရေးကိစ္စတွေနှင့်ပက်သက်ပြီးတော့ နောက်ကျွန်တော်ရှမ်းပြည်က ပြန်လာတဲ့အခါကျယင်ပြောပြမယ်။ တော်လှန်ရေးဆိုတာ ဘာကိုဆိုလိုသလဲ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင် မှုဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဖက်ဆစ်အာဏာရှင် စနစ်ဆိုတာဟာ ဘယ်လိုဟာမျိုးကို ဆိုလိုသလဲ အစရှိတဲ့ တိုင်းပြည်မှာ သတင်းစာတွေရော၊ နိုင်ငံရေးသမားတွေရော စမ်းတ၀ါးဝါးရေးသားပြောဆိုနေတာကို ကျွန်တော်တွေ့ရလို့ဖြေရှင်းလိုသေးတယ်။

ကျွန်တော်တို့ ဖ၊ ဆ၊ ပ၊ လ အစိုးရအဖွဲ့ဟာ ဘယ်လိုအစိုးရဆိုတာကို ကျွန်တော်ပြောဖို့မလိုဘူး။ တိုင်းပြည်လူထုရဲ့ အစိုးရဆိုတာခင်ဗျားတို့သိတယ်။ ဒီတော့ကာ အဲဒီလိုဖြစ်တဲ့အချိန်အခါမျိုးမှာ ခင်ဗျားတို့က နေပြီးတော့ကာ အခွန် မပေးနဲ့ ဆိုယင်၊ ကျွန်တော်တို့မှာ ငွေမရှိလို့ ခင်ဗျားတို့အတွက် ထူထောင်ရေး လုပ်ငန်းတွေကို လုပ်မပေး နိုင်လို့ရှိယင်၊ ကျွန်တော်တို့မှာ မနစ်နာဘဲ၊ ခင်ဗျားတို့မှာသာ နစ်နာမှာဘဲ။ နယ်ချဲ့ သမားနှင့်တော့ဘာဆိုင်သလဲ။ နယ်ချဲ့ သမားနဲ့တော့ ဘာမှမဆိုင်ဘူး။ ဘာပြုလို့လဲဆိုယင် ခင်ဗျားတို့တတွေပေးတဲ့အခွန်ငွေဟာ သူတို့ရတာ မဟုတ်ဘူး။ ကျွန်တော်တို့ကသာ သုံးရတာဘဲ။ အဲဒီတော့ကာ ဒီအခွန်မပေးရေးကိစ္စဟာလဲ ရှေးအခါတုန်းက နယ် ချဲ့ သမား ကြီးစိုးနေတဲ့အချိန်အခါမှဆိုယင် တမျိုးတမည် ယူဆရမယ်ဖြစ်ပေမဲ့ အခုအချိန်အခါမှာ ထင်ကြေးနဲ့ မ ကိုက်တော့ဘူး။ နောက်ပြီးတော့ကာ ဒီလယ် သီးစားခ မပေးနဲ့ ဆိုတာလဲ ရှေးတုန်းက ဟုတ်ချင်ဟုတ်မယ်။ သို့ သော်လဲဘဲ အခုကျွန်တော်တို့ ဖ၊ ဆ၊ ပ၊ လ အစိုးရတက်လာမှ လယ်သီးစားခဆိုယင်လဲ ခါတိုင်းနှစ်တွေ နှစ်တွေ ထက်လျှော့ပြီးတော့ ဆုံးဖြတ်ပေးတယ် မဟုတ်လား။ နောက်ပြီးတော့ အခု ဖြစ်နေတဲ့ဗမာပြည်ရဲ့အခြေအနေမှာ ဆိုယင် လယ်ပိုင်ရှင်စံနစ်ဆိုတာ ရှိနေအုံးမှာဘဲ။ သို့သော်လဲ ဒီလယ်ပိုင်ရှင်စံနစ် ပယ်ဖျက်ပြီးယင် တမျိုးတမည် ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ကာ ကျွန်တော်တို့ ဒီစီးပွားရေးစနစ်ကို စီစဉ်တဲ့နေရာမှာ တိုင်းပြည် အခြေအနေ အမျိုးမျိုးကို ထောက်ဆပြီး လုပ်ရမယ်။ တရုပ်ပြည် တပိုင်းကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံးကိုယ် တိုင်က တရုပ်ပြည်ကြီးဟာ လက်ငင်းအခြေအနေအားဖြင့် ဆိုရှယ်လစ်နိုင်ငံထူထောင်နိုင်တဲ့အခြေအနေမရှိသေး ဘူး။ ဆိုရှယ်လစ်နိုင်ငံထူထောင်နိုင်တဲ့အခြေအနေရောက်အောင် နှစ်ရှည်လများကြာမှ ရောက်နိုင်မယ်။ အဲဒီလို အတောအတွင်းမှာဒီမိုကရေစီနိုင်ငံသာ ထူထောင်ပြီး အဲဒီအခြေအနေအတွင်းမှာဆိုယင် လယ်သီးစားခပေးရေး ဆိုတဲ့ကိစ္စမျိုးတွေဟာ ဆက်လက် တည်မြဲနေအုံးမှာဘဲ ဆိုတာကို သူကိုယ်တိုင်ပြောခဲ့တယ်။

ဒီတော့ကာ ကျွန်တော်တို့ ဗမာပြည်မှာလဲ အခု ဆူပွက်နေကြတဲ့ ကွန်မြူနစ်တွေ ကိုယ်တိုင် ဗမာပြည်ကို အုပ်ချုပ် တဲ့အခါမှာလဲ ဆိုရှယ်လစ်ဝါဒကို ဘယ်နည်းနှင့်မှ ချက်ချင်းထူထောင်နိုင်မှာ မဟုတ်သေးဘူး။ အဲဒီလို ဆိုရှယ်လစ် ၀ါဒ မထူထောင်နိုင်သမျှ ကာလပတ်လုံး၊ လယ်ရှင်နဲ့လယ်သမားဆိုတာ ရှိနေအုံးမှာဘဲ။ အဲဒီလိုရှိနေသမျှ လယ် သီးစားခ ပေးတဲ့ကိစ္စမျိုးဟာ ရှိနေဦးမှာဘဲ။ ပေါ်နေဦးမှာဘဲ။ အစိုးရက လုပ်ပေးရမှာက အပြင်ဖက်က နေပြီး တော့ကာ ကျွန်တော်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ရဲ့လုပ်ငန်းစဉ်အတိုင်းဘဲ။ အဲဒီ လယ်သမားတွေဖက်က နေပြီးတော့ တတ်နိုင်သမျှ ညှာတာပြီး လုပ်ပေးဖို့ရှိတယ်။ အဲဒီကိစ္စမှာလဲ ခါတိုင်းနှစ်တွေထက် လယ်သီးစားခတွေကို လျှော့ပြီး တော့ အစိုးရက ဆုံးဖြတ်ပေးခဲ့တာကို ထောက်ထားခြင်းအားဖြင့် ဖ၊ ဆ၊ ပ၊ လ အစိုးရဟာ လယ်သမားတွေကို ဘယ်လို ထောက်ထား ညှာတာခဲ့တယ်ဆိုတာ ပြောနေဖို့မလိုဘူး။ သိကြတဲ့အတိုင်းဘဲ။ အဲဒီလိုဖြစ်နေလျက်သားနဲ့ ဒီဟာတွေကို မပေးအောင် တိုက်တွန်းနေတဲ့လူတွေဟာ နယ်ချဲ့ သမားတွေကို တိုက်ချင်တာလား။ ဒီလိုမှမဟုတ် ယင် ဖ၊ ဆ၊ ပ၊ လ အစိုးရကို တိုက်ချင်တာလားဆိုတာ ရှင်းရှင်းဘဲမေးချင်တယ်။ နောက်ပြီးတော့ကာ ဒီအမတော် ကြေးမပေးနဲ့ ဆိုတဲ့ကိစ္စ၊ အဲဒီ အမတော်ကြေးပြန်မပေးနဲ့ဆိုတဲ့ကိစ္စတွေဟာလဲိ ဒီအမတော်ကြေးဟာ ဘယ်က နေ ပြီး ကျွန်တော်တို့ အစိုးရက ထုတ်ပေးနိုင်သလဲ။ မြန်မာပြည်က လူတွေပေးတဲ့ အခွန်တော်တွေထဲက နေပြီးတော့ ကာ တိုင်းသူပြည်သားတွေကို ချေးရတာဘဲ။ အကယ်၍သာ တိုင်းသူပြည်သားတွေကပြန်မပေးဘဲ၊ ဒီအမတော် ကြေးငွေတွေ နည်းနေမယ်ဆိုယင် နည်းသလောက်ကျွန်တော်တို့ နောက်ထပ် ပြန်ပြီး ချေးတဲ့အခါမှာသိပ်များများ ချေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ကာ ဒီအမတော်ကြေးငွေတွေဟာ စင်စစ်ဘယ်သူ့ငွေတွေလဲဆိုယင် တိုင်းသူ ပြည်သားတွေရဲ့ငွေတွေဘဲ။ ဒီတိုင်းသူပြည်သားတွေရဲ့ငွေကို သုံးဖြုန်းခြင်းအားဖြင့် နယ်ချဲ့ သမားကို ဘယ့်နှယ် လုပ်ပြီး ထိခိုက်မလဲ။

အဲဒီနောက်တခါ ဆန်လုတဲ့ကိစ္စ၊ အခုနှစ်မယ် ဆိုယင် ဗမာပြည်မှာရှိတဲ့ လူတွေစားဖို့ထက် ဆန်တန်ချိန် တသန်း လောက် ပိုထွက်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ အဲဒီလို ဆန်တန်ချိန်တသန်းလောက် ပိုထွက်လိမ့်မယ်လို့ခန့်မှန်းရ တဲ့နှစ်မျိုးမှာ ဗမာပြည်မှာ ဘယ်နည်းနှင့်မှ အစားအစာ ငတ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကယ်၍ တချို့ နေရာ တွေမှာ ဆန်မလုံလောက်ဘူးဆိုယင် ဒီဆန်ကိုတင်ချပြီးတော့ကာ ဝေငှတဲ့စံနစ် ချွတ်ယွင်းတဲ့ အတွက်ကြောင့်သာလျှင် ဖြစ်ချင်ဖြစ်ရမယ်။ အဲဒီလို ချွတ်ယွင်းချက်တွေ ရှိတယ်ဆိုယင်ဘဲ ကျွန်တော်တို့ အစိုးရကို ပြောချင်ကြတာဘဲ။ ကျွန်တော်တို့တတွေ ဒီကိစ္စတွေနှင့် ပက်သက်ပြီး ပြင်ဆင်ပေးဖို့ အဆင်သင့်ဘဲ။ သို့သော်လဲဘဲ ဒီလိုဆန်ငတ်တာ မရှိဘဲနဲ့ ဆန်လုတဲ့ကိစ္စတွေ လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ တွေ့ရတာ ဘာတွေ တွေ့ရသလဲ ဆိုယင် အချို့ အချောင်သမား ဆန်ပွဲစား၊ ဆန်ကုန်သည်၊ ဆန်သူဌေးတွေဟာ အချောင်လိုက်ပြီးတော့ ဒီဆန်ွေ ၀ယ်နိုင်တဲ့ ကိန်း ရောက်တယ်လို့ ကျွန်တော်ကြားသိရတယ်။ အဲဒီတော့ကာ အမှန်စင်စစ် ဒီလို ဆန်တွေကို လုခြင်းအားဖြင့် ကျွန် တော်တို့အစိုးရမှာ ရှုံးမယ်၊ တိုင်းပြည်မှာလဲရှုံးမယ် ဆိုလို့ရှိယင် အပြီးသတ်ကျတော့တိုင်းပြည်ရှုံးတာဘဲ။ လူထုရှုံး တာဘဲ။ ဘာပြုလို့လဲဆိုယင် ကျွန်တော်တို့အခုနေအခါမယ် တိုင်းပြည်မှာ ငွေမရှိဘူး။ ငွေရှိမှဖြစ်မယ်။ ဒီငွေရှိ အောင်ဆိုတာလဲဘဲ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဖို့စက်ကိရိယာ တန်ဆာပလာတွေ၊ ပစ္စည်းအမျိုးမျိုးတွေ လိုတယ်။ ဒီပစ္စည်းအမျိုးမျိုးတွေ၊ စက်ကိရိယာ တန်ဆာပလာအမျိုးမျိုးတွေကို ကျွန်တော်တို့ ဗမာပြည်မှာ မရှိဘူး။ အဲဒီလို မရှိတော့တာ အခြားနိုင်ငံတွေက ၀ယ်ယူသုံးစွဲရမယ်ဆိုယင် ကျွန်တော်တို့မှာ ရှိတဲ့ ငွေမျိုးနှင့် ၀ယ်လို့မရဘူး။ အဲဒီလို သက်ဆိုင်ရာ နိုင်ငံက ငွေနှင့် ၀ယ်မှ ဒီကျွန်တော်တို့ လိုချင်တဲ့ပစ္စည်းတွေကို ရမယ်။ ဒီတော့ကာ အခုဖြစ်နေတဲ့ အခြေအနေမျိုးမှာဆိုယင် ဘယ်အစိုးရဘဲတက်တက်၊ အဲဒီ နိုင်ငံခြားတွေက နေ ပြီး ငွေချေးရမှာဘဲ။ ဒီလိုငွေချေးတဲ့ကိစ္စမှာလဲဘဲ ဒီလိုငွေမျိုးရအောင် နိုင်ငံခြားငွေရအောင်ဆိုယင် နိုင်ငံခြား နှင့်ကုန်ကူးသန်းရောင်းဝယ်ရေးကိစ္စမှာ ကျွန်တော်တို့ပြည်က ထွက်ကုန်နဲ့ အခြားတိုင်းပြည်ကသွင်းတဲ့ဝင်ကုန်၊ အဲဒီလိုထွက်ကုန်နဲ့ ၀င်ကုန်မျှတအောင် ကျွန်တော်တို့ စီစဉ်လုပ်ကိုင်နိုင်မှ ဖြစ်မယ်။ ကျွန်တော်တို့ဗမာပြည်က ထွက်သမျှ ထွက်ကုန်အနက်မှာ ဆန်ကိုသာလျှင် အများဆုံးတင်ပို့နိုင်မယ်။ စစ်မဖြစ်ခင်တုန်းကလဲ ဆန်ရောင်းလို့ ရတဲ့ငွေက ဗမာပြည်မှာ ၀င်ငွေအများဆုံးဖြစ်တယ်။ အခုဒီလို ဗမာပြည်ရဲ့ ၀င်ငွေကို အများဆုံး တိုးတက်အောင် လုပ်ပေးနိုင်မည့် ပစ္စည်းဟာ ဆန်ဖြစ်တယ်။ နောင်ကို ကျွန်တော်တို့ ဗမာပြည် ပြန်လည်ထူထောင်ပြီးလို့ စက်ရုံ ကြီးတွေ၊ အလုပ်ရုံကြီးတွေ၊ ဒိပြင် ပစ္စည်းတွေ လုပ်ပြီးယင် အခြေကျသွားမှာဘဲ။ သို့သော်လဲ အရင် စစ်မဖြစ်ခင်က နှင့် အခု အခြေအနေနှင့် နောက်ပြီးတော့ကာ နောက်နှစ်တော်တော်ကြာကြာ ဖြစ်မည့် အခြေအနေမှာ ဆိုယင် မြန်မာပြည်မှာ ဆန်စပါးထွက်ကုန်ကို အားကိုးအားထားပြီး လုပ်ကြရမှဘဲ။ ဒီဆန်စပါးကို အားကိုးပြီး လုပ်ကြရမည့် အခါမှာ ဒီဆန်စပါးတွေဟာ တိုင်းပြည်မှာလဲ မငတ်ဘဲနဲ့ အရမ်းမဲ့ အဖိတ်အစဉ်များပြီးတော့ကာ ဘာမှ အကျိုးမရှိ အောင် လုပ်တဲ့ကိစ္စဟာ မြန်မာပြည်သူပြည်သားတွေရဲ့ လည်စိကို ညှစ်တာက လွဲလို့ အခြား ဘာအဓိပ္ပာယ်မှ မရှိ ဘူး။ နယ်ချဲ့ သမားကို တိုက်တာ အလျဉ်းမဟုတ်ဘူး။

အဲဒီတော့ အခုလို အချိန်အခါမျိုးမှာ ဒီလိုဟာမျိုးတွေဟာ မသင့်လျော်ပါဘူး ဆိုတာ စဉ်းစားကြည့်ဖို့လိုတယ်။ အခု အချိန်အခါမျိုးမှာ ဖ၊ ဆ၊ ပ၊ လ ဟာ အစိုးရအာဏာကို ယူထားတဲ့ အချိန်အခါဖြစ်တယ်။ ဖ၊ ဆ၊ ပ၊ လ ဟာ နယ်ချဲ့  သမားတွေကို တိုက်နေသလား။ မတိုက်နေဘူးလား။ ဒီ ဖ၊ ဆ၊ ပ၊ လအစိုးရလို တိုင်းပြည်ရဲ့ကြည်ညိုမှုကို ရပြီး တိုင်းပြည်ရဲ့အကျိုးကို ဆောင်ရွက်နေတဲ့ အစိုးရမျိုး မြန်မာပြည်မှာ မရှိဘူးလို့သာ မှတ်ထားကြစေချင်တယ်။ ဖ၊ ဆ၊ ပ၊ လ အစိုးရဟာ ချွတ်ယွင်းချက်တွေမရှိဘူးလို့လဲ ကျွန်တော်မဆိုလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ပြောပြချင် တာက ဖ၊ ဆ၊ ပ၊ လ အစိုးရဟာ ချွန်ယွင်းချက်တွေမရှိဘူးလို့လဲ ကျွန်တော်မဆိုလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော် ပြောပြချင်တာက ဖ၊ ဆ၊ ပ၊ လ အစိုးရလောက်မှ မလုပ်နိုင်ခဲ့တဲ့ အစိုးရအဖွဲ့တွေမှာ လုပ်လာခဲ့တဲ့ လူတွေက တော်လှန်ရေးလုပ်မယ်ဆိုတာ ခင်ဗျားတို့ ယုံကြလို့လား။ ခုနက ပြောပြခဲ့တဲ့ ဆန်လုခိုင်းတာ၊ အခွန်မပေးခိုင်းတာ အစရှိတဲ့လုပ်ငန်းတွေဟာ ဖ၊ ဆ၊ ပ၊ လ ကိုတော်လှန်တာဘဲလား၊ နယ်ချဲ့ သမားကိုတော်လှန်တာလား ဖ၊ ဆ၊ ပ၊ လ ကိုတော်လှန်တယ်ဆိုယင် ဖ၊ ဆ၊ ပ၊ လကို တိုင်းပြည်လူထုက ထောက်ခံနေတယ်ဆိုတာ အခု ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ ထင်ရှားခဲ့တဲ့အတိုင်း ဖ၊ ဆ၊ ပ၊ လ ကို တော်လှန်တဲ့ လူတွေဟာ တိုင်းပြည်နဲ့လူထုကို တော်လှန်တာ ဘဲ။

ဒါကြောင့် အတိုက်အခံသမားတွေ၊ သတင်းစာတွေ၊ အစိုးရ အမှုထမ်းတွေ၊ ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေ၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေ၊ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်တွေ၊ လူငယ်တွေနဲ့ တိုင်းပြည် လူထုက ဖ၊ ဆ၊ ပ၊ လ ကို ဘယ်လို ထောက်ခံပြီး၊ ဗမာပြည်ရဲ့ လွတ်လပ်ရေး ရအောင် ၀ိုင်းဝန်းလုပ်ကြပါဆိုတာ အသီးသီး ဆိုင်ရာ သိသင့်တဲံ အချက် တွေကို ကျွန်တော်ပြောပြခြင်းပါဘဲ။ ဒီ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ အစိုးရ အဖွဲ့မျိုး မြန်မာပြည်မှာ မပေါ်ဘူးသေးဘူးဆိုတာ ကျွန်တော်တို့ သိပ်ပြီး ငြင်းချက် ထုတ်နေစရာ အချက်တွေ မဟုတ်တဲ့အတိုင်း ကျွန်တော် တခု သတိပေးချင်တာ က လွန်ခဲ့တဲ့နှစ်တော်တော်ကြာတုန်းက ကွန်မြူနစ်တွေဟာ ကမ္ဘာကြီးတခုလုံးမှာ ဖက်ဆစ်စနစ်ကို တော်လှန်ဖို့ ဆိုပြီးတော့၊ ဖက်ဆစ်စနစ်ဆန့်ကျင်ရေးတပ်ဦးတွေကို ဆိုင်ရာ နိုင်ငံ အသီးသီးတွေမှာ လုပ်ဖို့ စီစဉ်ကြတယ်။ အဲဒီတုန်းက ဖွဲ့စည်းကြဖို့ လုပ်တဲ့အခါမှာ ကွန်မြူနစ်တွေရဲ့ ကမ္ဘာ့နိုင်ငံ ပေါင်းချုပ်ကြီးဆိုတာ ရှိသေးတယ်။ အဲဒီ ကမ္ဘာ့နိုင်ငံ ပေါင်းချုပ် ကွန်မြူနစ် အသင်းမှာ အထွေထွေ အတွင်းရေးမှုးဖြစ်တဲ့ ကွန်မြူနစ် ပုဂ္ဂိုလ်ကျော်ကြီး တစ်ဦး ကိုယ်တိုင်က အမေရိကန်ပြည်နှင့် ပတ်သက်ပြီး ဘာစကားပြောခဲ့သလဲ။ ဘယ်လိုပြောခဲ့သလဲ ဆိုယင် အမေရိကန်မှာ ရူးစဘဲ့က အဲဒီအချိန်အခါတုန်းက နယူးဒီ (New Dela) ခေါ်တဲ့ ဒီစီမံကိန်းတွေနဲ့ သူတို့တို်င်ပြည်ကို ထူထောင်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ အဲဒီလို သူတို့ တိုင်းပြည်ကို ထူထောင်တဲ့ အချိန်အခါမယ် ဒီလိုထူထောင်နိုင်အောင်လဲ အာဏာ အမြှောက်အမြားကို တိုင်းပြည်ကနေပြီး တောင်းထားကြတယ်။ အဲဒီဟာကို အပရိကလောက် အချို့ ကွန်မြူနစ် တွေက ယူဆကြပြီးတော့ ဒီရူးစဘဲ့ကိုဘဲ ဖက်ဆစ်သမားလို့ ကဲ့ရဲ့ကြတယ်။ အဲဒီလို ကဲ့ရဲ့သံကို ကွန်မြူနစ် ခေါင်းဆောင်က သိတဲ့အခါကျေတော့ အမေရိကန် တိုင်းပြည်က ကွန်မြူနစ်တွေကို ဘယ်လို အပြစ်င်သလဲ ဆိုယင် မင်းတို့ လုပ်တာတွေဟာ ဘာမှ အခြေအနေမရှိဘဲ အရမ်း လမ်းစဉ်တွေကို လိုက်နေတာပဲ။ အမှန်စင်စစ် ရူးစဘဲ့ဟာ အစိုးရ အဖွဲ့ထဲမှာ ပါလို့ မင်းတို့ သူ့ကို ဖက်ဆစ်လို့ ဆိုပေမဲ့ အစိုးရ အပြင်ဖက်မှာ နေတဲ့ လူတွေသာ ရူးစဘဲ့ထက် အဆပေါင်း များစွာ ဆိုးနေတဲ့ အရင်းရှင်ကြီးတွေ မင်းတို့ သတိမူ ကြမယ်ဆိုတာ ပြောခဲ့တယ်။ အဲဒီအတိုင်းဘဲ ဖ၊ဆ၊ပ၊လ အစိုးရ အပြင်ဖက်မှာ ရှိတဲ့ အတိုက်အခံသမားတွေကို ခင်ဗျားတို့ ကြည့်ပါ။ ဘယ်လို လူစားတွေ ဆိုတာ ခင်ဗျားတို့ သိပြီးတဲ့နောက် ဖ၊ဆ၊ပ၊လ အစိုးရကို တိုက်ခိုက်ခြင်းဟာ နယ်ချဲ့သမားကို တိုက်ခိုက်ခြင်း မဟုတ်ဘဲနဲ့ နယ်ချဲ့သမားကို အားပေးခြင်း ဖြစ်တယ် ဆိုတာ သတိပြုဖို့ လိုတယ်။


အဲဒီတော့ကာကျွန်တော် အတိုက်အခံသမားတွေကို ဘာပြောချင်သလဲ ဆိုယင် ကျုပ်တို့ ဖ၊ဆ၊ပ၊လ အစိုးရ အဖွဲ့ဟာ အရင်တုန်းက အစိုးရ အဖွဲ့ထဲမှာ လုပ်ခဲ့ဖူးတဲ့ နိုင်ငံရေးပါတီတွေလို မဟုတ်ဘူး ဆိုတာ ကျွန်တော် တိတိ လင်းလင်း ပြောချင်တယ်။ အခြား နိုင်ငံရေး ပါတီတွေ အစိုးရ အဖွဲ့ထဲမှာ ရှိပြီး လုပ်နေကြတဲ့ အချိန်အခါတုန်းက ဆိုယင် မိမိတို့နှင့် အတိုက်အခံ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေကို မှားမှား မှန်မှန် တရားတရား မတရားမတရား နှိပ်စက်တယ် ဆိုတာ ကျွန်တော်ပြောဖို့ မလိုဘူး။ သို့သော်လဲ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရဟာ အခုထိ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခိုက်သမားတွေကို နှိပ်စက် ညှဉ်းပန်းခြင်း မလုပ်ဘူး။ သို့သော်လဲ ဒီစည်းကမ်းချက်တွေက လွန်လာပြီးတော့ ကိုးရိုးကားရား တိုင်းပြည် အကျိုးမဲ့အောင် လုပ်ယင် ဒါ ကျွန်တော်တို့ ကြည့်မနေနိုင်ဘူး။ ကျွန်တော်တို့ အဖွဲ့က အတိုက်အခံ သမားတွေကို တရားသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့် ဆူပူခွင့် အဲဒီ အခွင့်အရေးတွေ ပေးတာကို အသားယူပြီး မတရား လုပ်ယင်တော့ ကျွန်တော်တို့ သေသေချာချာ ချရမှာဘဲ ဆိုတာ ကျွန်တော် ပြောချင်တယ်။


ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရကို အသရေပျက်မှု ဖြစ်စေတဲ့ စကားမျိုးက လွဲလို့ရှိယင် ဟုတ်တာ၊ မဟုတ်တာ အပထားလို့ တရားဥပဒေအတွင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့ကို ဆဲချင်သလို ဆဲနိုင်တယ်။ခင်ဗျားတို့ ကျွန်တော်တို့ကို ဝေဖန်ချင်သလို ဝေဖန်နိုင်တယ်။ မှန်မှန် မမှန်မှန် ၊ သို့သော်လဲ တရားဥပဒေက လွန်မြောက်တဲ့ ကိစ္စမျိုး ဆိုယင် သည်းခံပြီး မနေနိုင်ဘူး။ နောက်ပြီးတော့ကာ ရထားတဲ့ အာဏာကို ခင်ဗျားတို့ လက်ထဲ ပြန်ရောက်အောင် ပရိယာယ်မျိုးတွေကို လုပ်ယင်တော့ ချရဦးမှာဘဲ ဆိုတာ ကျွန်တောပြောချင်တယ်။ အဲဒီတော့ အတိုက်အခံ သမားတွေကို ကျွန်တော် တိတိ လင်းလင်း ပြောချင်တာက ညစ်ပတ်မယ်တော့ မကြံပါနဲ့ တရားသဖြင့် ကျွန်တ်ာတို့ လက်က အာဏာကို လုနိုင်တဲ့ နည်းလမ်း အမျိုးမျိုးကို တွေ့ပြီးတော့လုနိုင်ယင် လု၊ ယူနိုင်ယင်ယူ၊ ကွန်တော်တို့ အခွင့်အရေးပေးမယ်။ သို့သော်လဲ ညစ်ပတ်မယ် ဆိုပြီးတော့ တိုင်းပြည်မှောက်မှားအောင် မတရား ဘာတွေကို ရှောက်ပြီး လုပ်နေမယ်။ လူတွေကို အရမ်းမဲ့ သပုပ်လေလွင့် အကြည်ညိုပျက်အောင် အသရေပျက်အောင် လုပ်မယ် ဆိုလို့ရှိယင်တော့ဖြင့် ကျွန်တော်တို့ သည်းခံပြီး မနေဘူးဆိုတာ တိတိ လင်းလင်း ပြောချင်တယ်။ နောက်ပြီး သတင်းစာတွေကို ကျွန်တော် ပြောချင်တယ်။ သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက တခြားအစိုးရလက်ထက်နဲ့ သေသေချာချာ နှိုင်းယှဉ် ကြည့်စေချင်တယ်။ ကျွန်တော်တို့ဟာ ဘယ်လိုအစိုးရဆိုတာလဲ၊ ဘာမှ အထူးပြောနေစရာ မလိုဘူး။ အဲဒီတော့ ကာ ကျွန်တော်တို့ကို ထောက်ခံအားပေးနေတဲ့ သတင်းစာတွေလဲ အားပေးချင်ပေးကြ။ ဒီလိုမှ မဟုတ်လို့ ကျွန် တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံ လုပ်ချင်ကြတဲ့ သတင်းစာတွေ ဆိုယင်လဲ သဘောအတိုင်းဘဲ။ ဒီလိုမှ မ လုပ်လို့ ကျွန်တော်တခါတုန်းကပြောလို့ အင်မတန်ဘဲ မကျေမနပ် ဖြစ်တာလိုဘဲ “ဆိတ်လစိ” လုပ်ချင်ကြတဲ့ သတင်းစာတွေလဲ လုပ်ချင်လုပ်ကြပါ။ သို့ပေမဲ့ အကြည်ညို တဦးနဲ့တဦး ပျက်စေတဲ့စကားမျိုး၊ တိုင်းပြည်ဆူပူအောင် လှုပ်ရှားအောင် လှုံ့ ဆော်တဲ့စကားမျိုး၊ ဖက်ဆစ် အစီအမံလို လုံးဝ တခါတည်း လိမ်လည် လှည့်ဖြားပြီး ရေးသား တဲ့ အရေးအသားမျိုး ဆိုယင် ကျွန်တော်တို့ သည်းခံမှာ မဟုတ်ဘူးဆိုတာ တိတိလင်းလင်းဘဲ သတိပေးပါရစေ။

နောက်ပြီးတော့ အစိုး အမှုထမ်းတွေကိုလဲ ကျွန်တော်ပြောလိုတယ်။ အစိုးရအမှုထမ်းတွေဟာ တိုင်းပြည်နှင့် လူထုအကျိုးကို ကျွန်တော်တို့ အစိုးရအဖွဲ့က ဆုံးဖြတ်တဲ့အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ပါ။ အခု အစိုးရဟာ အရင်အစိုးရနဲ့မတူဘူးဆိုတာ တိတိလင်းလင်း ပြောလိုက်ချင်တယ်။ ဘယ်သူကိုမှလဲ ခ, စရာမလိုဘူး။ ဖ၊ ဆ၊ ပ၊ လ ထဲက လူဘဲဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော်ဘဲ ဖြစ်ဖြစ်၊ အဲဒီလူတွေကိုလဲ ကြောက်ဖို့မလိုဘူး။ ကျွန်တော်တို့ ဖ၊ ဆ၊ ပ၊ လ အစိုးရက အရင်အစိုးရလို “ဖော်လံဖား” တဲ့ လူတွေ ကို ကျွန်တော်တို့မလိုချင်ဘူး။ ကျွန်တော်တို့ ဆိုင်ရာ ၀န်ကြီးတွေကို အသီးသီးဖော်လံဖားတဲ့စကားမျိုးတွေ၊ ဖော်လံဖားတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မလိုချင်ဘူး ။ ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့လုပ်ငန်းတွေ၊ ကျွန်တော်က ညွှန်ကြားတဲ့ညွှန်ကြားချက်တွေ၊ ကျွန်တော်တို့က ပေးတဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေကို တသွေမတိမ်းလိုက်နာပါ။ လုပ်ပါ။ ဒီလိုမှ မလုပ်ယင် ကျွန်တော်တို့က ဘယ်လောက်ကြီးတဲ့လူကြီးဘဲဖြစ်ဖြစ် နှိပ်မှာဘဲ၊ ချမှာဘဲဆိုတာတော့ ထောင်မင်းကြီးကိစ္စမှာ အားလုံးဘဲ သိကြ မှာဘဲ။ အဲဒီတော့ အစိုးရအမှုထမ်းတွေကို သေသေချာချာ တိတိလင်းလင်း ပြောချင်တာက ကိုယ့်တာဝန် ကိုယ် ကျေပြွန်အောင် လုပ်ပါ။ ဖ၊ ဆ၊ ပ၊ လ အစိုးရတက်နေလို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ထဲမှာ ပါနေတဲ့ ဖ၊ ဆ၊ ပ၊ လ ၀င် ပြည် သူ့ရဲဘော်တပ်ဖွဲ့ဝင်တွေကို အရမ်းမဲ့ ကြောက်ဖို့ မလိုပါဘူး။

နောက်ပြီးတော့ကာ ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေ ပြည်သူ့ရဲဘော် အစရှိတဲ့ ဒီအဖွဲ့အစည်းတွေကိုလဲ ကျုပ်ပြောလိုတယ်။ အခုနေအခါမှာ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ခေါင်းဆောင်တွေက အစိုးရအဖွဲ့ထဲမှာ ရောက်နေလို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေဟာ၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်တွေဟာ ငါတို့လဲ အစိုးရဘဲလို့ အစိုးရအာဏာကို အစိုးရကိုယ်စား ယူပြီး ကိုယ်လုပ်ချင်ရာ မလုပ်နိုင်ဘူးဆိုတာ သတိပြုစေချင်တယ်။ နောက်ပြီးတော့ကာ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ခေါင်းဆောင် တွေ အစိုးရအဖွဲ့ထဲ ရောက်နေလို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေဟာ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွေဟာ ဒိပြင်လူတွေထက် တော့ အခွင့်အရေးပိုရမယ်ဆိုယင် ရနိုင်စရာရှိတယ်။ အဲဒီလို ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်တွေ အစိုးရအဖွဲ့ထဲမှာ ရှိ နေလို့ ဖ၊ ဆ၊ ပ၊ လ ၀င်မှန်တိုင်း ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်မှန်တိုင်း မဟုတ်မတရားတာ လုပ်လို့ရမယ်လို့တော့ မ ထင်နဲ့။ ဒီလို လုပ်မရဘူးဆိုတာ သိဖို့အရေးကြီးတယ်။ အခုနေအခါမှာ အချို့ နေရာမျိုးမှာ ငါတို့ ဖ၊ ဆ၊ ပ၊ လ ခေါင်း ဆောင်တွေ အစိုးရအဖွဲ့ထဲ ရောက်နေပြီဆိုပြီး မာန်တက်ပြီးတော့ကာ လုပ်ချင်ရာလုပ်နေကြတဲ့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ တွေ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေရှိတယ်ဆိုတာ ကျုပ်သိရတယ်။ အဲဒီတော့ခါတိုင်း အစိုးရတက်တုန်းက သူတို့ နောက်လိုက်တွေက တိုင်းပြည် အပေါ်မယ် ငါတို့ခေါင်းဆောင်တွေ အစိုးရအဖွဲ့ထဲ ရောက်နေပြီဆိုပြီး သူတို့လုပ် သလိုမလုပ်ဘဲ ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်တွေ အစိုးရအဖွဲ့ထဲ ရောက်နေတဲ့အချိန်အခါမှာ ဖ၊ ဆ၊ ပ၊ လ ကိုသေ သေချာချာ လေးစားသောအားဖြင့် ဖ၊ ဆ၊ ပ၊ လ ရဲ့ဂုဏ်ကို လေးစားသောအားဖြင့် ဖ၊ ဆ၊ ပ၊ လ ရဲ့လုပ်ငန်းစဉ် တွေကို လေးစားသောအားဖြင့် ဖ၊ ဆ၊ ပ၊ လ ရဲ့ဝါဒကို ယုံကြည်လေးစားသောအားဖြင့် ဖ၊ ဆ၊ ပ၊ လ ၀င်တွေ ဟာ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်တွေဟာ အခွင့်အရေးကို မတရားမယူဘဲနှင့် ထင်ရာမလုပ်ကြဖို့ အရေးကြီးတယ်။ အဲဒီလို ထင်ရာလုပ်လို့ မတရားတာ လုပ်တယ် ဆိုယင်လဲ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဝင်ဘဲ ဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်ဘဲဖြစ်ဖြစ် ကျုပ်တို့ ဖမ်းရဆီးရ နှိပ်ကွပ်ရမှဘဲ။
ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဝင်တွေနဲ့ ပြည်သူ့ရဲဘော်တွေဟာ တခြားလူတွေနဲ့ အတူတူဆိုယင် အခွင့်အရေးပိုရမယ်ဆို တာ ဘာမှယုံမှားစရာမရှိဘူး။ သို့သော်လဲ မထိုက်တန်ဘဲနဲ့ ရသင့်တဲ့ အခွင့်အရေးတွေကိုတော့ မရနိုင်ဘူးဆို တာ သေသေချာချာသိစေချင်တယ်။ နောက်ပြီးတော့ကာ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဝင်တွေဟာ၊ ပြည်သူ့ ရဲဘော်တပ် ဖွဲ့တွေဟာ မိမိတို့ တာဝန်ကျရောက်တာတွေကို ဒိထက်လုပ်ပြီးတော့ကာ တိုင်းသူပြည်သား လူထုရဲ့ အားကိုး အားထားကို ဒိထက် ပိုရှိအောင် လုပ်ဖို့လိုတယ်။ ဒီအခုလို ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်တွေအစိုးရအဖွဲ့ထဲရောက် နေတဲ့ အချိန်အခါမှာ ဖ၊ ဆ၊ ပ၊ လ အဖွဲ့က လူတွေနဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွေဟာ ဗမာပြည်ကြီးကို ဘယ် လောက်ချစ်တယ်ဆိုတာ ကိုယ်ထိလက်ရောက် ပြဖို့လိုတယ်။ ဒီလို အခါမျိုးပြမှလဲ တိုင်းပြည်က ရှေ့ ဆက်လက် ပြီး ထောက်ခံမှာဘဲ။ အဲဒီတော့ကာ အခု ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေဟာ စည်းရုံးရေးလုပ်ငန်းအခြေအနေမှာဆိုယင် သိပ်ဟန်မကျသေးဘူး။ နောက်ပြီးတော့ငွေကောက်ခံတဲ့ကိစ္စတွေနဲ့ ပက်သက်ပြီး စာရင်းတွေအတော်ရှုပ်နေ တယ်လို့ကြားသိရတယ်။ အဲဒီကိစ္စတွေကို ဖ၊ ဆ၊ ပ၊ လ ဗဟိုဌာနချုပ်က စစ်ဆေးပြီးတော့ အပြစ်ရှိတာ တွေ့တဲ့ လူမှန်သမျှ၊ အဖွဲ့မှန်သမျှ အရေးယူရမှာဘဲ။ နောက်ပြီးတော့ကာ စည်းကမ်းသေ၀ပ်မှု ကောင်းကောင်းရှိဖို့လို တယ်။ ဒီစည်းကမ်း သေ၀ပ်မှုမရှိတဲ့ အဖွဲ့အစည်းတွေဟာ ဘာဘဲလုပ်ချင်လုပ်ချင် ထိထိရောက်ရောက်မလုပ် နိုင်ဘူးဆိုတာအထူးပြောစရာမလိုဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အချို့ နယ်တွေမှာ အချို့ အဖွဲ့အ စည်းတွေဟာ ကိုးယိုးကားယား အတော်ဖြစ်ခဲ့တယ်။ အချို့  ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဝင်တွေဟာလဲ ကိုးယိုးကားယား ဖြစ်ခဲ့တယ်။ အဲဒီလို ကိစ္စတွေကို အားလုံး ဆက်လက်ပြီးတော့၊ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူသင့်တာကို ယူ ရမှာဘဲ။

နောက်ပြီး ဖ၊ ဆ၊ ပ၊ လ အဖွဲ့နှင့် ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေက အခုနေအခါမှာ တိုင်းသူပြည်သားလူထုကို အစိုး ရက ဘာတွေ လုပ်နေတယ်ဆိုတာ ၀ါဒဖြန့်ပေးဖို့လိုတယ်။ နားရည်ဝအောင် လုပ်ပေးဖို့လိုတယ်။ နောက်ပြီး တော့ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ အစိုးရကို သိအောင် အကြောင်းကြားဖို့လိုတယ်။ နောက်ပြီးတော့ကာ တိုင်းသူပြည်သားတွေရဲ့ နစ်နာချက်တွေရှိယင် အဲဒီနစ်နာချက်တွေကို မြန်မြန် ဖြေရှင်းနိုင် အောင်ကြိုးစားပေးရမယ်။ သူတို့ရဲ့ နစ်နာချက်တွေကို အစိုးရက မြန်မြန်ပြီးမြောက်အောင်ကြိုးစားရမယ်။ နောက်ပြီးတော့လဲ အစိုးရအဖွဲ့ကနေပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းထက် စီစဉ်ရေးလုပ်ငန်းတွေ၊ အဲဒီလိုလုပ်ငန်းတွေမှာ ဆိုယင်လဲ တိုင်းပြည်ရဲ့အကူအညီရအောင် ရှေ့ ဆောင်ခေါင်းရွက် အလုပ်လုပ်ဖို့လို တယ်။ နောက်ပြီးတော့ကာ အစိုးရက လုပ်တဲ့ကိစ္စတွေမှာ တိုင်းသူပြည်သားတွေ အကျိုးအတွက် လုပ်ထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ အဲဒီလုပ်ငန်းတွေအရ တိုင်းသူပြည်သားတွေအကျိုးခံစားနိုင်တယ်။ ဒီခံစားနိုင်တဲ့အတိုင်း အကျိုးခံစားရအောင် ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေနဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွေက စီမံဆောင်ရွက်ဖို့လိုတယ်။

နောက်ပြီးတော့ ဖ၊ ဆ၊ ပ၊ လ က တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်တွေကို ကျွန်တော်စကားပြောချင်တယ်။ ဖ၊ ဆ၊ ပ၊ လ ကတိုင်းပြုပြည်ပြုလွှတ်တော်အမတ်တွေဟာ ယခုရွေးကောက်ပွဲမှာ အရွေးခံရတာ မိမိတို့တော်လို့ မဟုတ်ဘဲ၊ အစွမ်းကြောင့်မဟုတ်ဘဲ “နားတောင်းရောင်ကြောင့် ပါးပြောင်” ဆိုတာလို ဖ၊ ဆ၊ ပ၊ လ ရဲ့တန်ခိုး ကြောင့် ရကြတယ်ဆိုတာ အမြဲသတိရကြပါ။ အဲဒီလို အရွေးခံရတဲ့နေရာမှာလဲ ကျွန်တော်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ စည်းရုံးရေးလုပ်ငန်းက ကောင်းလွန်လွန်းလို့ ကျွန်တော်တို့ရတာမဟုတ်ဘူး။ တိုင်းပြည်လူထုက မဲပေးလို့ရတာ ဘဲ။ အမှန်စင်စစ် ကျုပ်ဗမာပြည်တပြည်လုံး လိုက်ကြည့်တဲ့အခါမှာ ဖ၊ ဆ၊ ပ၊ လ ရဲ့စည်းရုံးရေးလုပ်ငန်းတွေ ဟာအတော်ဘဲ လျော့ရဲရဲဖြစ်နေတာကို တွေ့ရတယ်။ အဲဒီလိုတွေ့ရတဲ့အခါ အကယ်၍သာ တကယ့်အတိုက်အ ခံ အကျိတ်အနယ် အရွေးခံရမယ်ဆိုယင် ယခုရတဲ့အမတ်ဦးရေဟာ ရမှာမဟုတ်ဘူး။ အကယ်၍သာ စည်းရုံးရေး လုပ်ငန်းဟာဒိထက်ပိုပြီးကောင်းမယ်ဆိုယင် အမတ် ၁၈၂ နေရာစလုံးကို တောင်မှ ကျွန်တော်တို့ရနိုင်တယ်။ ဘယ်နေရာမှာမဆို ဖ၊ ဆ၊ ပ၊ လ ကို လူထုက မထောက်ခံတဲ့နေရာမရှိဘူးဆိုတာ ကျွန်တော်အတိအလင်း ပြောရဲတယ်။ အဲဒီတော့ကာ အခုနေအခါမှာ ငါတို့ ဖ၊ ဆ၊ ပ၊ လ အမတ်ဦးရေအများဆုံးရတယ်ဆိုပြီးတော့ ဖ၊ ဆ၊ ပ၊ လ အမတ်တွေဘဲဖြစ်ဖြစ် ဖ၊ ဆ၊ ပ၊ လ အဖွဲ့တွေဘဲဖြစ်ဖြစ် သွေးနထင်မရောက်ဘဲ ငါတို့တော်လို့ရတာ မဟုတ်ဘူး၊ တိုင်းပြည်ကအားပေးလို့ရတာ ဆိုတာသိဖို့လိုတယ်။

အဲဒီတော့ကာ ဖ၊ ဆ၊ ပ၊ လ အမတ်တွေကို တိုင်းပြည်ကနေပြီးတော့ ဖ၊ ဆ၊ ပ၊ လ ကို ကြည်ညိုလို့ ရွေး ကောက်တင်မြှောက်လိုက်တာကို အခုတိုင်းပြု ပြည်ပြုလွှတ်တော်အစည်းအဝေးရောက်တဲ့အခါမယ် အစည်း အဝေးတိုင်းကို လုံလောက်တဲ့အကြောင်းမရှိလို့ရှိယင် မတက်ဘဲ မနေဖို့ကို ကျုပ်တို့ စည်းကမ်းသတ်မှတ်ရလိမ့် မယ်။ နောက်ပြီးတော့ကာ လုပ်စရာတာဝန်တွေကိုလဲ ကျေပြွန်အောင်လဲလုပ်ရမယ်။ ကျုပ်တို့ရဲ့ လုပ်ငန်းစဉ် တွေကိုလဲ ကျေပြွန်အောင် စည်းကမ်းချရလိမ့်မယ်။ ဖ၊ ဆ၊ ပ၊ လ အမတ်တွေ ဖြစ်လာလို့ အရင်တုန်းက အ ခြားပါတီတွေမှာ ဖြစ်လာတဲ့အမတ်တွေလို ကိုယ်ထင်ရာ ကိုယ်နေ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ် မဖြစ်နိုင်ဘူး၊ အထူးသဖြင့် နယ်က အမတ်တွေဟာ ရန်ကုန်ရောက်တဲ့အခါ ပေါက်လွှတ်ပဲစား ဖြစ်တဲ့အခါမျိုး ကျုပ်တို့ ဘယ် နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး ဆိုတာ ပြောချင်တယ်။ နောက်ပြီး ကျွန်တော်တို့ ဗမာပြည်ဟာ ဒီမိုကရေစီ စံနစ်အရ ဗမာပြည်ကို ပြန်လည် ထူထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စံနစ် ထူထောင်မှုလုပ်ငန်းတွေကို ကောင်း ကောင်းနားလည်အောင် လုပ်ရမယ်။ အခုဗမာပြည်မှာ အမတ်တွေကိုရွေးကောက်ပွဲက တင်မြှောက်လိုက် တယ် ဆိုယင်ဘဲ အဲဒီရွေးကောက် တင်မြှောက်လိုက်တဲ့အမတ်တွေဟာ နောက်ကိုယ့်ဆိုင်ရာနယ်တွေ နယ်တွေနဲ့ အ ဆက်ပြတ်ပြီးတော့ ဘယ်တော့မှ ပြန်မသွားဘူး။ ရွေးကောက်ပွဲ အချိန်ကျတော့မှ ပြန်သွားတော့တာဘဲ။

အခု ကျုပ်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့က အမတ်တွေဟာ ရွေးကောက်ပွဲပြီးပေမဲ့ ရွေးကောက်ပွဲ နောက် ၀င်တာမ၀င် တာ အပထားပြီး ကိုယ့်ဆိုင်ရာ ဆိုင်ရာနယ်တွေကို အဆက်မပြတ် သွားနိုင်သမျှ သွားပြီးတော့ကာ ကိုယ့်နယ်နဲ့ ဆိုင်ရာ သိသင့်တဲ့ကိစ္စတွေ၊ သိသင့်တဲ့အချက်တွေ အစိုးရကိုလဲ အကြောင်းကြားရမယ်။ တိုင်းသူပြည်သားတွေ ကိုလဲ နားလည်အောင် ရှင်းပြရမယ်။

အင်္ဂလန်ပြည်မှာ ဆိုလို့ရှိယင် ပါလီမန် အမတ်ဖြစ်တဲ့ လူတွေဟာ အမတ်မဖြစ်ခင်လဲ ဆိုင်ရာ ဆိုင်ရာနယ်တွေ နဲ့ အဆက်ရှိတယ်။ အမတ်ဖြစ်တဲ့အခါမှာလဲ ခဏ ခဏ ကိုယ့်နယ်အကြောင်း ကိုယ်စုံစမ်းစစ်ဆေးပြီးတော့ လုပ် သင့်တဲ့ကိစ္စကို အမြဲလုပ်ကိုင်ပေးတယ်။ အဲဒီတော့ကာ အဲဒီလို လုပ်နိုင်မှဗမာပြည်မှာ ဒီမိုကရေစီ စံနစ်ထူ ထောင်လို့ ပြီးမှဘဲ။ ရွေးကောက်ပွဲမှာ အမတ်အရွေးခံရပြီးလို့ အမတ်ဖြစ်တဲ့အခါ အေးအေးဆေးဆေးနဲ့ နောက် တခါ နယ်ဘာဖြစ်နေတယ်ဆိုတာ ပြန်မကြည့်ဘဲ၊ အရေးမစိုက်ဘဲ နေတဲ့အလေ့အကျင့်မျိုးကို ရှေးကလို အ လေ့အကျင့်မျိုးကို ဖျောက်ပြီး ကျွန်တော်တို့ နည်းသစ်နမူနာသစ်ကို တိုင်းပြည်ကို ပြဖို့လိုတယ်။ အဲတာ အခုက တည်းက ပြဖို့လိုတယ်။

နောက်ပြီးတော့ကာ တိုင်းပြည်မှာရှိတဲ့ လူငယ်စုကို ကျွန်တော်စကားပြေပြလိုတယ်။ ဒီလူငယ်စုတွေဟာ တော် လှန်ရေးစကားတွေ တော်တော်များများပြောပြီးနေကြတယ်။ တော်လှန်ရေးဆိုတာ ဘယ်ဟာကို တော်လှန်ရေး ဆိုတာ သေသေချာချာ လေ့လာဖို့လိုတယ်။ အခုလို အခါမျိုးမှာ ဗမာပြည်လို တိုင်းပြည်မျိုးမှာမို့လို့ လူငယ်တွေဟာ တော်တော်တိုးတက် နေနိုင်တာဘဲ။ အိန္ဒိယမှာဆိုယင် လူငယ်တွေဟာ ဒီလို အခြေအနေမျိုးရောက်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဘာဖြစ်လို့ လူကြီးတွေက လူငယ်တွေထက် အရည်အချင်း အတော်အတန်ရှိနေတော့ တိုးမပေါက်နိုင်တဲ့ အခြေအနေရှိတယ်။ အခု လူငယ်တွေ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ ထိပ်သီး ထိပ်တန်း ရောက်နေတယ်ဆိုတာ၊ လူငယ်တွေ သိပ်တော်လို့ မဟုတ်ဘဲ လူကြီးတွေ သိပ်ညံ့လို့ ဆိုတာကို သိဖို့လိုတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးဖို့ မလိုဘူး။ အခုနေ အခါမျိုးမှာ ကျုပ်တို့ နားမလည်တဲ့ ကိစ္စတွေ အများကြီးရှိနေတယ်။ အဲဒီတော့ နားမလည်တာတွေကို နားလည်အောင် လုပ်ပါ။ တတ်ယောင်ကားနဲ့ တော်လှန်ရေးစကားတွေချည်း တွင်တွင်သုံးပြီး နောက်ဆုံးတော်လှန်ရေးလဲ ဘာမှမဖြစ်ဘူး။ ဒီတော့ ဒါမျိုး ရှောင်ဖို့လိုတယ်။ ဒီတော့ကာ အခု တိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ လွတ်လပ်ရေးတွေကို လုပ်တဲ့ လုပ်ငန်းတွေမှာ စကား သိပ်များများ မပြောဘဲနဲ့ အလုပ်တွင်တွင် ကျယ်ကျယ် လုပ်နိုင်အောင် ကြိုးစားဖို့ လိုတယ်။

ဗမာပြည်မှာဆိုယင် လူငယ်တွေဟာ တယောက်ထဲ အပြေပြိုင်နေရတဲ့ လူတွေကို ပြိုင်ဖက်မရှိဘဲ အပြေးပြိုင် နေရတာဘဲ။ အဲဒီလို ပြိုင်ဖက်မရှိဘဲ အပြေးပြိုင်နေရတဲ့ အထဲက ပန်းတိုင်ကို မရောက်လို့ရှိယင် ငါတို့တတွေကို ရန်သူက ထခြထိုးလို့ မဟုတ်ဘဲနဲ့ ငါတို့ရှော်လို့ဆိုတာ သိရမယ်။ နောက်ပြီးတော့ကာ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေမျိုးမယ် နယ်ချဲ့သမားတွေ ပရိယာယ်ကို သတိပြုဖို့ လိုတယ်။ နယ်ချဲ့သမားတွေဟာ လူငယ်တွေကို သွေးခွဲပြီး အမျိုးမျိုး လှုံ့ဆော်မယ်။ အမျိုးမျိုး သူတို့ရဲ့ သူလျှို၊ဒလံတွေကို ထည့်ပေးမယ်။ အမျိုးမျိုး တခါထံ မဟုတ်တဲ့ သတင်းတွေ လွှင့်မယ်။ အဲဒီလို ကိစ္စတွေဟာ ရမည်းသင်းနယ်မှာ ကျွန်တော်ကိုယ်တိုင် ကြားသိရတယ်။ ရမည်းသင်းနယ်မှာ အစမူလတုန်းက လူငယ်အချင်းချင်း သတ်ဖြတ်တဲ့ လုပ်ငန်းကို ပုလိပ်က စပြီး ဆွပေးတယ်လို့ ကြားရတယ်။ ပုလိပ် ဆိုပေမယ့်လို့ နယ်ချဲ့သမားရဲ့ပုလိပ်၊ နယ်ချဲ့သမားက မြှောက်ပေးတဲ့ ပုလိပ်၊ အဲဒီလို မြှောက်ပေးလို့၊ ဆွပေးလို့ ဖြစ်တယ်လို့ကြားခဲ့ရတယ်။ နောက်ကိုလဲ သတိပြုရဦးမယ်။ နယ်ချဲ့သမားရဲ့ သူလျှို၊ဒလံတွေဟာ ကျုပ်တို့အထဲမှာ အမြောက်အမြား ရှိဦးမှာဘဲဆိုတာ ကျုပ်တို့ သတိပြုဖို့လို တယ်။ အဲဒီတော့ကာ ဒီကိစ္စတွေနဲ့ပက်သက်ပြီး ဆင်ဆင်ခြင်ခြင်လုပ်ဖို့ အရေးကြီးတယ်။ လူငယ်တွေဟာ ခုနေ အခါမှာ ခုနကပြောခဲ့တဲ့အတိုင်း တယောက်တည်း အပြေးပြိုင်ရတဲ့လူတွေလို အပြေးပြိုင်နေရတဲ့အခါမယ် ကျွန် တော် အခုပြောပြရခြင်းဘဲ။

ကျွန်တော်တာတွေကို ပြောနေရတာကလဲဘဲ ရှေ့ ကို ဗမာပြည်ရဲ့ အရေးကို လိုလားလို့ ပြောနေရခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဖို့မှာ ဆိုယင်၊ ဗမာပြည်လွတ်လပ်ရေးရတဲ့တနေ့မှာ ကျွန်တော်နိုင်ငံရေးက ထွက်ချင်ထွက် မှာဘဲ။ ထွက်ဖို့လဲ စိတ်ကူးနေတယ်။ အဲဒီတော့ ကျွန်တော်အတိအလင်းပြောချင်တာက ဗမာပြည်က လုငယ် တွေဟာ အရမ်းမဲ့ အထင်ကြီးပြီးတော့ကာ ကိုယ့်တာဝန်တွေကို မလုပ်ဘဲနဲ့၊ စကားများ မနေဘဲနဲ့ မိမိတို့နောင် ရေးကို မြော်တွေးပြီး၊ ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုယင်၊ လူငယ်တွေဟာ တော်လှန်ရေး စကား ပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့ တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။

နောက် တိုင်းသူပြည်သား လူထုကို အစီရင်ခံချင်တယ်။ တိုင်းသူပြည်သားလူထုကို ကျွန်တော်ပြောပြချင်တဲ့ အ ချက်က လွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲပြီးပေမဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေးလုပ်ငန်းဟာ မပြီးသေးဘူး။ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ပြီးဆုံးခြင်းဟာ ဗမာပြည် လွတ်လပ်ရေးလုပ်ငန်းပြီးတာမဟုတ်သေးဘူး။ ဗမာပြည်လွတ်လပ်ရေးလုပ်ငန်းအစသာ ဖြစ်သေးတယ်။ ဗမာ ပြည်ရဲ့လွတ်လပ်ရေး အခြေခံအစမျှသာ ဖြစ်နေသေးတော့ကာ ဗမာပြည်မှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ ဆက်လက်ပြီး တောင့်ထားကြဖို့ လိုတယ်။ တိုင်းပြည်လူထုဟာ မိမိတို့လူထုရဲ့ ညီညွတ်ရေးကို မပျက်ပြားအောင် ဆောင်ရွက်ပြီး ဆက်လက်တောင့်ထားဖို့လိုတယ်။ တိုင်းပြည်လူထုဟာ တိုင်းရင်းသားအချင်းချင်းနဲ့အမြဲညီညွတ် အောင်ကြိုးစားဖို့လိုတယ်။ တိုင်းရင်းသားလူထုဟာ ဒီလိုလူထုညီညွတ်မှုနဲ့ တိုင်းရင်းသားအချင်းချင်းညီညွတ်ဖို့လို တယ်။ ဖ၊ ဆ၊ ပ၊ လ က ညွှန်ကြားတဲ့အချက်တွေကို လိုက်နာပြီး မမှိတ်မသုန် ယုံယုံကြည်ကြည်လိုက်နာဖို့လို တယ်။ တိုင်းသူပြည်သားရဲ့အင်အားကို ကြီးမားအောင် ဆောင်ရွက်ဖို့လိုတယ်။ အဲဒီတော့ကာ ဒီတိုင်းသူပြည် သားလူထုကို သေသေချာချာ ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ အရည်အချင်းနှင့် ပက်သက်ပြီး ချွတ် ယွင်းချက်ရှိမယ်။ သို့သော်လဲဘဲ တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ လူထဲမှာ ကျွန်တော်ဟာ ယှဉ်ပြိုင်ရဲပါတယ်။ တိုင်း ပြည် ချစ်တယ်ဆိုတဲ့နေရာမှာ ကျွန်တော့ထက် ပိုပြီးချစ်တယ်ဆိုတာကို ကျွန်တော်လက်မခံနိုင်ဘူး။ အဲဒီတော့ ကာ ကျွန်တော်ဟာ ဘယ်နည်းနှင့်မှ ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက်နဲ့ ပက်သက်ပြီး သစ္စာ မဖောက်ဘူးဆို တာ ခင်ဗျားတို့ အမြဲယုံကြည်ပြီးတော့ကာ ဖ၊ ဆ၊ ပ၊ လ နောက်မှာနေပြီးတော့ ဗမာပြည်ရဲ့လွတ်လပ်ရေး၊ ဗမာ ပြည်ရဲ့ပြန်လည်ထူထောင်ရေးကို လုပ်နိုင်အောင်၊ ခင်ဗျားတို့ အင်အားရှိအောင် ခင်ဗျားတို့ရဲ့ ညီညွတ်ရေးကို အ မြဲဆောက်တည်ပြီး အမြဲစောင့်ထိန်းကြပါဆိုတာ ကျွန်တော်ပြောလိုတယ်။

ပြီးတော့လဲ ဖ၊ ဆ၊ ပ၊ လ က အခုကောက်ခံနေတဲ့ လွတ်လပ်ရေး ရံပုံငွေကိုလဲ ဆက်လက်ထည့်ကြဖို့ ကျွန် တော် မေတ္တာရပ်ခံပါတယ်။ နောက်ပြီးတော့ကာ အခွန်ပေးနိုင်တဲ့လူတွေ၊ သီးစားခပေးနိုင်တဲ့လူတွေ၊ အမတော် ကြေးပေးနိုင်တဲ့လူတွေလဲ ပေးကြပါလို့ ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။ တကယ်လို့မပေးနိုင်လို့ရှိယင်လာ ပြောပါ။ သို့သော်လဲ ပေးနိုင်လျက်သားနဲ့ကိုယ့်လူဖြစ်နေလို့ဆိုပြီး အခွင့်အရေးယူပြီး လာပြီးမပြောပါနဲ့။ နောက် ပြီးတော့ကာ အခု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းတွေ အများကြီးလုပ်ရ လိမ့်မယ်။ ထူထောင်ရေးလုပ်ငန်းတွေ ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ တိုင်းသူပြည်သားလူထုနဲ့ချီ ပြီးတော့လုပ်ငန်းကိုလုပ်မှ အောင်မြင်လိမ့်မယ်။ အဲဒီအတွက်ကြောင့် ဒီထူထောင်ရေးလုပ်ငန်း၊ ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပက်သက်ပြီး အစိုးရကနေပြီးတော့ တိုင်းပြည်ကိုကြေငြာတဲ့အခါမှာ လိုတဲ့အကူအညီကို ပေးဖို့ ခင်ဗျားတို့မှာ အဆင်သင့်ရှိရမယ်။ အခု ထူထောင်ရေးလုပ်ငန်းတွေမှာ ဥပမာဆိုယင်“ပီ၊ ဒဗလျူ၊ ဒီ” က လမ်း တွေပျက်လို့ ပြင်နေတာကို ကြည့်နေရုံနဲ့ မပြီးသေးဘူး။ ခင်ဗျားတို့ပါ ၀င်ပြီးလုပ်နိုင်အောင်ကြိုးစားရမယ်။ အဲဒီလိုလုပ်မှ ကျွန်တော်တို့ ဗမာပြည်မှာ ထူထောင်ရေးလုပ်ငန်း ပိုမိုတွင်ကျယ်ပြီး ခရီးရောက်မယ်။ အဲဒီတော့ နိဂုံးချုပ် ကျွန်တော်ပြောချင်တာက အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့အလားအလာနဲ့ ဗမာပြည်ဟာ တနှစ်အတွင်း လွတ်လပ်ရေးရနိုင်တဲ့ အခြေအနေရှိတယ်။ ကျွန်တော်တို့လုပ်နိုင်ယင်ရမယ်၊ မလုပ်နိုင်ယင်မရဘူး။ အဲဒီလို ရ အောင်လုပ်တဲ့နေရာမှာလဲ ကျွန်တော်တို့ဟာ အမြော်အမြင်ကြီးကြီးနဲ့ အလုပ်လုပ်ရမယ်။ အမြော်အမြင်ကြီးကြီး နဲ့လုပ်တဲ့နေရာမှာလဲ လွတ်လပ်တဲ့အင်္ဂလိပ်တွေနဲ့ လွတ်လပ်တဲ့ဗမာတွေဟာမိတ်ဆွေရင်းချာဖြစ်ဖို့ အရေးကြီး တယ်။ ဘာဖြစ်လို့လဲဆိုယင် အခုဖြစ်နေတဲ့ကမ္ဘာကြီးမှာ ဘယ်နိုင်ငံဘဲဖြစ်ဖြစ် လွတ်လပ်ရေးရတဲ့အခါမယ် မ ဟာမိတ်မရှိဘဲ ကျွန်တော်တို့ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ဘယ်နိုင်ငံတွေကို မဟာမိတ်အ ဖြစ်နဲ့ သဘောထားရမလဲဆိုတာ အခုလွတ်လပ်ရေးရဖို့ စီစဉ်နေတဲ့အခါမှာ ကျွန်တော်တို့စဉ်းစားထားဖို့လိုတယ် ။ ဒီလိုစဉ်းစားတဲ့အခါမယ်ကျွန်တော်တို့ ဗမာပြည်နဲ့နီးစပ်တဲ့အရှေ့ အာရှ တောင်ပိုင်းနယ်တွေဖြစ်တဲ့ အင်ဒိုနေး ရှား၊ ယိုးဒယား၊ မလေးယား၊ အင်ဒိုချိုင်းနား ဒီတိုင်းပြည်တွေကိုတော့ ကျွန်တော်တို့ ညီရင်းအကိုတွေလို သ ဘောထားရမယ်။ သွေးချင်းသားချင်းလို သဘောထားရမယ်။ ကျွန်တော်တို့သဘောအရဆိုရင် နောက်ဆုံးတစ် နေ့ အခုချက်ချင်းမဖြစ်ပေမဲ့ ဒီနိုင်ငံတွေအားလုံးဟာ တပေါင်းတည်းဖြစ်အောင် ကြိုးစားရမယ်။ နောက်ပြီးတော့ ကာ ကျွန်တော်တို့လက်ငင်းကြည့်မယ်ဆိုလို့ရှိယင် အင်္ဂလိပ်နဲ့ကျွန်တော်တို့ မကင်းနိုင်သေးဘူး။ အင်္ဂလိပ်ရဲ့အ ကူအညီကို ကျွန်တော်တို့ယူချင်ယူ၊ အမေရိကန်ဆီက အကူအညီကိုယူချင်ယူ၊ ဒီ တနည်းနည်းဘဲရှိတယ်။ တ ရုပ်ပြည်မှာဆိုတာတော့ သူတို့အချင်းချင်းပြည်တွင်းစစ်ဖြစ်နေတော့ ဘယ်နည်းနဲ့မှ ဒီလိုအကူအညီမျိုးမရဘူး။ အဲဒီနိုင်ငံသုံးနိုင်ငံအနက်ကဘယ်နိုင်ငံဟာ ကောင်းတယ်ဆိုတာ စဉ်းစားကြည့်ဖို့လိုတယ်။ အဲဒီတော့ကာ ကျွန်နဲ့ သခင် ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ဟာ အင်္ဂလိပ်ကိုမလိုလားဘူး၊ သို့သော်လဲ သခင် သခင်ချင်းဖြစ်တဲ့အခါ မှာဆိုယင်တော့ အင်္ဂလိပ်နှင့် မိတ်ဆွေဖြစ်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ကာ ဒီကိစ္စတွေကို အခုကတည်းက စဉ်းစားထားပြီးတော့ကာ ကျွန်တော်တို့ရှေ့ ကို မြန်မာပြည်ရဲ့လွတ်လပ်ရေးကို တနှစ်အတွင်းရ အောင် တိုင်းပြည်ကရော ၊ ဖ၊ ဆ၊ ပ၊ လ ကရော၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွေကရော၊ အစိုးရအမှုထမ်းတွေက ရော အားလုံးဝိုင်းဝန်းကူညီပြီးလုပ်မှ ကျွန်တော်တို့ လိုရင်းကို ရောက်မယ်ဆိုတာကို ကျွန်တော်ပြောချင်တယ်။

ထကြွမှုကို စစ်တပ်နှင့် နှိမ်တန်လျှင်နှိမ်မယ်

ထကြွမှုကို စစ်တပ်နှင့် နှိမ်တန်လျှင်နှိမ်မယ်



၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓ ကျောင်းဝိုင်းအတွင်း တရားပွဲ၌ ဟောပြောချက်

အရင်က ကွန်မြူနစ်တွေ ထုတ်ပစ်တဲ့ကိစ္စ ရှင်းလင်းပွဲတုန်းက တခေါက် ယခု မဲကိစ္စ အတွက်တခေါက် ပျဉ်းမနား သို့ ရောက်သည်မှာ နှစ်ခါရှိပြီ။ ယခု ပျဉ်းမနား ကွန်မြူနစ်တွေကို ကြောက်နေရတယ်လို့ ပြောတယ်။ ကြောက်လို့ ခင်ဗျားတို့ အားပေးယင် ကျွန်သက်ရှည်မှာဘဲ။ ကျွန်ဘ၀ ဘယ်တော့မှ တက်မှာ မဟုတ်ဘူး။
သူတို့တွေဟာ ကိုယ့်ဗမာ အချင်းချင်း သတ်ဖြတ်လုယက်၊ သူပုန်ထ မီးနဲ့ရှို့ ဒီလိုလုပ်နေတာ ဘာတော်လှန်ရေး လဲ၊ ဒါတော်လှန်ရေးတဲ့လား။ နယ်ချဲ့သမား အကြိုက်ကို လုပ်နေတာပဲ။
ယခု ပျဉ်းမနားမှာ ဆူပူသောင်းကျန်းပြီး သူပုန်ထနေတာဟာ အရင်ရောက်ရှိနှင့်တဲ့ အရာရှိများ ၀တ်တရားကို မကျေပွန်လို့ ဒီလိုဖြစ်နေတာပဲ။ အဲဒါကို ကျုပ်တို့ ငြိမ်းအောင် နှိမ်ပြမယ်။ အောင်ဆန်း - အက်တလီ စာချုပ် မကောင်းဘူး ဆိုပြီး ကွန်မြူနစ်က ဘာဖြစ်လို့ အမတ်အရွေးခံသလဲ။ ဘာဖြစ်လို့ တဦးနှင့် တဦး စေ့စပ် နေသလဲ။ ဘာကြောင့် ညီညွတ်ကြလို့ ပြောနေတာလဲ။

ဖ-ဆ-ပ-လ နာမည်ပျက်အောင်
ဖ-ဆ-ပ-လ အစိုးရ နာမည် ပျက်အောင် ကွန်မြူနစ်တွေက သူပုန်ထ ဓါးပြတိုက် လုပ်နေကြတယ်။ အဲဒီလို ထကြွမှုတွေကို ငြိမ်းသွားအောင် စစ်တပ်နှင့် နှိမ်တန်လျှင် နှိမ်မယ်။ ။

လမ်းနှစ်ခွ

လမ်းနှစ်ခွ



တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ပြည်သူ့ ကိုယ်စားလှယ်များ ရွေးချယ်ရမည့် ရွေးကောက်ပွဲကြီးသည် အထူး အရေးကြီး၏။ အဆိုပါ ရွေးကောက်ပွဲကြီး မပျက်စီး ပျက်စီးအောင် ဖျက်ဆီးရန် ကြံရွယ်ထားသော (ဖဆပလ) ကို အတိုက်အခံ လုပ်နေသော နိုင်ငံရေး အဖွဲ့များလည်း ရှိနေသေး၏။ နိုင်ငံရေး လက်ဟောင်းသမားကြီးများ ဖြစ်သည့် ဂဠုန်ဦးစော၊ သခင်ဗစိန်၊ (ဖဆပလ)မှ ထုတ်ပယ်ခြင်းခံရသော သခင်သန်းထွန်း၏ ကွန်မြူနစ် ပါတီ (အလံဖြူ)၊ သခင်စိုး ခေါင်းဆောင်သည့် အလံနီ ကွန်မြူနစ်တို့သည် “ မစားရတဲ့အသည်း သဲနှင့် ပက်” ဆိုသကဲ့သို့ မိမိတို့ အာဏမရမည့် အတူတူ ရွေးကောက်ပွဲ ပျက်စေရန် ခြေပုံးခုတ် ဆောင်ရွက်လာကြပြန်သည်။ ထိုဆန့်ကျင်ရေးသမားတို့ကို ပြတ်ပြတ်သားသား အရေးယူရန် လိုလားကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက (ဖဆပလ) ခေါင်းဆောင်ပိုင်းအား အသိပေးသော အနေဖြင့် တိုင်းပြည်သို့ တင်ပြလိုက်၏။

လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျွန်တော်ထုတ်လိုက်တဲ့ မေတ္တာရပ်ခံလွှည အစမှာ “ဗမာတွေ လမ်း နှစ်ခွသို့ ရောက်နေပြီ” လို့ ကျွန်တော်ပြောခဲ့တယ်။ ယနေ့ညတော့ ဖ၊ဆ၊ပ၊လ ရဲ့ ရှေးဆုံးတန်းက ခေါင်းဆောင် တွေဟာ လမ်းနှစ်ခွကို ရောက်နေပြီဆိုတာကို ပြောချင်တယ်။ တလမ်းက တအိမ်လုံး အထိ လောင်စ၍နေတဲ့ မီးကို နိုင်နိုင်နင်းနင်း ငြိမ်းရမည့် လမ်းဖြစ်တယ်။ တခြား တလမ်းကတော့ အိမ်ကြီးလဲ လောင်ချင်သလို လောင် ပေစေတော့ဆိုပြီး အိမ်ပေါ်က ဆင်းပေးတဲ့ လမ်းဖြစ်တယ်။

ဒီလမ်း နှစ်ခုအတွက် ဘယ်လမ်းကို ကျွန်တော်တို့ ခေါင်ဆောင်တွေ လိုက်ကြမယ်ဆိုတာ အနှေးနှင့် အမြန် ကျွန်တော်တို့ သန္နိဌာန်ချကြရလိမ့်မယ်။ယခု တပြည်လုံး အထိ ကူးစက်ပြီး မီးဟုန်ဟုန်းတောက်ဖို့ အချိန်ယူနေတဲ့ အခါမျိုးမှာ တွေဝေမိန်းမောခြင်း၊ချီတုံချတုံဖြစ်ခြင်း။ မှန်တယ်ထင်ရာကို မလုပ်ရဲခြင်းထက် ပိုပြီးမှားတဲ့ အမှားမျိုး ဟာ ရှိနိုင်တော့မယ် မဟုတ်ဘူး။
ခပ်ရှင်းရှင်း ပြောရယင် ယနေ့အထိ ကျွနတော်တို့တတွေရဲ့ လုပ်ပုံ ကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေး ဘူး။ အတိအကျ ဆုံးဖြတ်ဖို့ အရေးကြီးး နေတဲ့အခါ ကျွန်တော်တို့ တတွေ တွေဝေနေကြတယ်။ ပြတ်ပြတ် သားသား လုပ်စရာရှိတဲ့အခါ ချီတုံချတုံ ဖြစ်နေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲကြတာဘဲ။ ကိုယ့်စိတ်ထဲက အလုပ်တခုဟာ ဘယ်လောက်မှန်တယ်လို့၊ ထင်နေပေစေ၊ ဘယ်သူက ဘယ်လိုထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေတွေးပြီး ၊ယုံတာက တမျိုး၊ လုပ်တာက တမျိုး ဖြစ်ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်လုပ်ရမယ့် လူတွေနဲ့တော့ ပြဒါးတလမ်း သံတလမ်းဘဲ။
ယခုခေတ် ခေါင်းဆောင်မှုးဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာဘဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနှင့် လောင်စာသာ ကျန်တော့တဲ့ ဘ၀ဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည် ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှု ဖြစ်ရမယ်။ ဒီလောက်ကြီးလေးတဲ့ ခေါင်းဆောင်မှုကြီးကို ကျွန်တော်တို့ တတွေ နိုင်နိုင်နင်းနင်းနဲ့ တာဝန်ယူချင်တယ်ဆိုယင်၊ ခုလို တွေဝေနေလို့ မဖြစ်တော့ဘူး။ ချီတုံချတုံ ဖြစ်နေလို့ မဖြစ်တော့ဘူး။ ကိုယ်ယုံကြည်တာကို မလုပ်ရဲလို့ မဖြစ်တော့ဘူး။
ဒီစကားတွေကို ပဏာမအဖြစ်နဲ့ ပြောရတာကတော့ တခြားကြောင့် မဟုတ်ဘူး။ လက်ငင်း အခြေအနေအရ မပြောမဖြစ်လို့ဘဲ။ အဲဒီတော့ လက်ငင်း အခြေအနေဆိုတာ ဘာလဲလို့ ကျွန်တော်တို့ အထူးသုံးသပ်ဖို့လိုတယ်။
ယခု မြန်မာပြည်မှာ ဖ၊ဆ၊ပ၊လ ရှိတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဖက်ဂိုဏ်းတွေရှိတယ်။ ဖ၊ဆ၊ပ၊လ ဟာ ဗမာ့ လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင်လုပ်နေတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဖက်ဂိုဏ်းတွေက ဖ၊ဆ၊ပ၊လ ကို ၀ိုင်းပြီး ခြေထိုးနေကြတယ်။ လက်ရှိ အခြေအနေရဲ့ အတိုချုပ်ကတော့ ဒါဘဲ။

အဲဒီအတိုချုပ်ကို ကျွန်တော် နည်းနည်းထပ်ပြီး ရှင်းပြဦးမယ်။ လွတ်လပ်ရေးဆိုတာ လေသံမကြားရတဲ့ဘ၀က အ ကောင်အထည်ပေါ်လာတဲ့အထိ ဖ၊ ဆ၊ ပ၊ လ က လုပ်ပေးခဲ့တယ်။ အဲဒီအတိုင်းသာမှန်မှန် လှမ်းသွားနိုင်ယင်၊ လွတ်လပ်ရေး ကြေညာပြီးတဲ့နောက် ဖ၊ ဆ၊ ပ၊ လ ရဲ့လက်ထဲကို နိုင်ငံရေးအာဏာ ရောက်လာလိမ့်မယ်။

အဲဒါကို ဖ၊ ဆ၊ ပ၊ လ ရဲ့ ဆန့်ကျင်ဖက်ဂိုဏ်းသားတွေ ကောင်းကောင်းသိတယ်။ ဒီဟာကိုသိဖို့ကလဲ သိပ်ပြီးခက် တာမဟုတ်ပါဘူး။ နိုင်ငံရေးလိုက်စားသူတိုင်း ရှင်းရှင်းကြီးသိနေတဲ့ အချက်ဘဲ။

အဲဒီတော့ ဆန့်ကျင်ဖက်ဂိုဏ်းသားတွေဟာ ဖ၊ ဆ၊ ပ၊ လ နဲ့ ရိုးရိုးတန်းတန်း ယှဉ်ပြိုင်ပြီး နိုင်ငံရေးအာဏာကို လုရ အောင်ကလဲ တိုင်းပြည်လူထုကိုယ်တိုင်က ထောက်ခံခြင်းမရှိတော့ ထိထိရောက်ရောက် မလုနိုင်ကြဘူး။ အဲဒီလို ရိုးရိုးတန်းတန်း မလုနိုင်တော့ သူတို့တတွေ ဖ၊ ဆ၊ ပ၊ လ ကို ၀ိုင်းပြီးခြေထိုးကြတာဘဲ။ နိုင်ငံရေးမှာ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုတာ ဒါဘဲ။ ကောင်းကောင်းသာမှတ်ထားလိုက်ကြပေတော့။

သူတို့ရဲ့ ခြေထိုးပုံတွေကို တိုင်းပြည်လူထု သိရအောင် ကျွန်တော်နည်းနည်းရှင်းပြပါဦးမယ်။ အဲဒီလိုရှင်းပြနိုင် အောင် ဆန့်ကျင်ဖက်ဂိုဏ်းသားတွေကို ရှေးဦးစွာသုံးစုခွဲပြရမယ်။ ပဌမအစုထဲမှာ “စော၊ စိန်၊ မော်” တို့ လူစု တွေ ပါတယ်။ ဒုတိယအစုမှာ သိန်း ၊ သန်း ကွန်မြူနစ်တွေပါတယ်။ တတိယအစုမှာ အလံနီကွန်မြူနစ်တွေပါတယ်။ သူ တို့ရဲ့ ခြေထိုးမှုတွေကို တခုစီ ရှင်းပြချင်တယ်။

လွတ်လပ်ရေးနဲ့ ပက်သက်ပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မရလျှင် ဖ၊ ဆ၊ ပ၊ လ ၀န်ကြီးတွေ ရာထူးက နုတ်ထွက်ပြီး လူထုတိုက်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ ဖ၊ ဆ ၊ ပ၊ လ ရဲ့ ဆုံးဖြတ်ချက်ကို တိုင်းပြည်လူထု သိတယ်မဟုတ်လား။

အဲဒီတုန်းက စော၊ စိန်၊ မော်တို့ရဲ့ ခြေလှမ်းဟာ တခြားဟာ မဟုတ်ဘူး။ ကျွန်တော်တို့ ရာထူးက နုတ်ထွက်သွား ယင် သူတို့ တက်ယူမယ်ဆိုတဲ့ ခြေလှမ်းဘဲ။ အဲဒီတော့ တိုတိုပြောရမယ်ဆိုယင် ဘိလပ်အစိုးရက ဆွေးနွေးပွဲ တရပ် ကျင်းပရအောင် ဖိတ်လိုက်တယ်။ အဲဒီအထဲမှာ စောနဲ့စိန်တို့လဲ ပါလာကြတယ်။ သူတို့ရဲ့ အကြံကတော့ နှစ် ခုရှိတယ်။ ကျွန်တော်တို့လိုတာတွေ မရလို့လဲ ဆွေးနွေးပွဲပျက်နိုင်တယ်။ ကျွန်တော်တို့လိုတာတွေ ရပေမဲ့စောနဲ့ စိန်က သဘောမတူဘူးဆိုယင်လဲ ဆွေးနွေးပွဲပျက်နိုင်တယ်။ ပဌမနည်းနဲ့ ဆွေးနွေးပွဲမပျက်ယင် ဘယ်နည်းနဲ့မဆို ဒုတိယနည်းနဲ့ ဆွေးနွေးပွဲကိုပျက်အောင်ဖျက်ဖို့စီစဉ်ထားကြတယ်။ အဲဒီတော့ သဘောတူညီချက်ရကြလို့လက် မှန်ထိုးဆိုတော့ သူတို့မထိုးကြတော့ဘူး။ သူတို့ရဲ့အကြံက သူတို့လက်မှတ်မထိုးယင် ဆွေးနွေးပွဲပျက်မယ်။ ဆွေး နွေးပွဲပျက်ယင် ဇန်န၀ါရီလ ၃၁ရက်နေ့မှာ ကျွန်တော်တို့ ရာထူးက နုတ်ထွက်ကြရမယ်။ ကျွန်တော်တို့ နုတ်ထွက် မှ သူတို့က တက်ယူမယ်ဆိုတဲ့အကြံဘဲ။

ဒါပေမဲ့ သူတို့တတွေဟာ မူဆလင်ခေါင်းဆောင် ဂျင်းနားတို့လောက်အားမကောင်ဘူးဆိုတာကို သူတို့တွက်အထဲ မှာ ထည့် မတွက်မိကြဘူး။ အဲဒီလို မတွက်မိတဲ့အတွက် သူတို့ဂွလုပ်ပေမဲ့လဲ ဆွေးနွေးပွဲပျက်ပြီး ကျွန်တော်ရာထူး မှ ထွက်ရတာ မဖြစ်ဘဲ၊ သူတို့သာ ထွက်သွားခဲ့ရတာဘဲ။

ယခုလဲ လျှော့မပေးဘဲ လာမည့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ဖြစ်အောင် အသိုင်းအ၀ိုင်းတွေနဲ့ လုပ်နေကြပြန်ပြီ။ ဒါပေမဲ့ တိုင်းပြည်လူထုကလဲ ဒီစားဖားကြီးတွေရဲ့အကြောင်း ကို ကောင်းကောင်းသိပြီး ဖြစ်ကြလို့ ကြောက်စရာတော့ မရှိပါဘူး။ သူတို့လုပ်နေကြတာ အစွမ်းတကာ့အစွမ်းဆုံး အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့ အလုပ်မျိုးသာ ဖြစ်မှာဘဲ။

ဒုတိယ ဆန့်ကျင်ရေးအစု ဖြစ်တဲ့ သိန်း- သန်း ကွန်မြူနစ်တွေကို တော့ ခုတင်က စားဖားကြီးတွေထက် ပိုပြီးဂရု စိုက်ရမယ်။

ဒီ သိန်း-သန်း ကွန်မြူနစ်တွေဟာ ဖ၊ ဆ၊ ပ၊ လ ထဲမှာ ရှိတုန်းက ဖ၊ ဆ၊ ပ၊ လ တဖွဲ့လုံးကို သူတို့ကသာ ကြိုးကိုင် ချင်တယ်။ ဒီလိုကိုင်လို့ မရတော့ ဖ၊ ဆ၊ ပ၊ လ ဟာ ဒူးထောက်ရေးလမ်းစဉ်လိုက်သလေး၊ စေ့စပ်ရေးလမ်းစဉ် လိုက်သလေးနဲ့၊ တောင်စဉ်ရေမရ စွပ်စွဲချက်တွေကို အသုံးပြုခဲ့တယ်။ ဒီတောင်စဉ် ရေမရ စွပ်စွဲချက်တွေကြောင့် လဲ သူတို့တတွေကို ဖ၊ ဆ၊ ပ၊ လ ထဲက ထုတ်ပစ်လိုက်ရတာဘဲ။

ထုတ်ပစ်လို့ အပြင်ရောက်တာနဲ့ တပြိုင်နက်ထဲ ဖ၊ ဆ၊ ပ၊ လ ကို ပြုတ်ကရောဆိုပြီး အလုပ်သမားတွေနဲ့ ဖ၊ ဆ၊ ပ၊ လ ကို ကိုင်ပေါက်တာဘဲ။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလအတွင်း သိန်း-သန်း ကွန်မြူနစ်တွေ မြှောက်ပေးတဲ့ အ လုပ်သမား သပိတ်ကို လူထုကောင်းကောင်းသတိရမှာပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ရာထူးယူတာ လ ပိုင်းလောက်တောင် မရသေးဘူး။ ရက်ပိုင်းလောက်ဘဲရှိသေးတယ်။ ပြီးတော့လဲ ပုလိပ်သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ်တို့ရဲ့ အရေးတွေနဲ့ ကျွန်တော်တို့ ဗျာများနေတုန်း ရှိသေးတယ်။ ဒီ သိန်း-သန်း ကွန်မြူနစ်တွေရဲ့တွက်ကိန်း ကတော့ ကျွန်တော်တို့ကို ဒီလို အရှိုက်ထိုးလိုက်ရယင် ကျွန်တော်တို့ လဲမှာဘဲလို့တွက်တာဘဲ။ ဒါပေမဲ့ လူထုဟာ ကျွန်တော်တို့ရဲ့နောက်မှာဘဲ ကြံ့ကြံ့ခိုင်ခိုင် ရပ်နေတာကြောင့်အဲဒီသပိတ်မှာ ကျွန်တော်တို့မလဲဘဲ၊ ကျွန်တော်တို့ ကို အရှိုက်ထိုးရန်ကြံတဲ့ သိန်း-သန်း ကွန်မြူနစ်တွေလဲ လိမ့်သွားခဲ့တာဘဲ။ အမှန်အတိုင်းပြောရမယ်ဆိုယင် အဲဒီ သပိတ်မမှောက်ခင်က ဆိုယင်၊ သိန်း-သန်း ကွန်မြူနစ်တွေရဲ့အလုပ်သမားအင်အားဟာ ရန်ကုန်မှာ အတောင့်ဆုံး ဘဲ။ ဒါပေမဲ့ ကိုယ့်စေတနာနဲ့ ကိုယ့်ပြန်အကျိုးပေးတယ်ဆိုတာလို ဒီသပိတ်ကို အတင်းအမှောက်ခိုင်းတဲ့အချိန်ကစ ပြီး ရန်ကုန်မှာဆိုယင် သူတို့ရဲ့အလုပ်သမား အင်အားဟာ အတော်ကြီးကို ကျသွားတယ်။

အလုပ်သမားနဲ့ကိုင်ပေါက်လို့မရတော့ ဖ၊ ဆ၊ ပ၊ လ ကို ကျောင်းသားတွေနဲ့ ကိုင်ပေါက်ဖို့ ဒီ သိန်း-သန်း ကွန်မြူ နစ်တွေဘဲထပ်ပြီး ကြံကြပြန်တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမားများသမဂ္ဂရဲ့ အလုပ်အမှုဆောင် အဖွဲ့ထဲ မှာ သိန်း-သန်း ကွန်မြူနစ်ရဲ့သြဇာ တွေပါတယ်။ သိန်း-သန်း ကွန်မြူနစ်တွေဟာ အဲဒီသြဇာခံတွေက တဆင့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ကြိုးကိုင်ကြတယ်။ သူတို့ရဲ့ပယောဂနှင့်ဘဲ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ တနိုင်ငံလုံးကျောင်းသားတွေသပိတ်မှောက်အောင် ဆုံးဖြတ်ချက်ချကြတယ်။ အဲဒီအချိန်မှာလဲ ကျွန်တော်တို့တ တွေဟာ ဘိလပ် ဆွေးနွေးပွဲနှင့်ပက်သက်ပြီး အတော်ဘဲ အလုပ်ရှုပ်နေတုန်း ဖြစ်တယ်။

ဒါပေမဲ့ သူတို့စေတနာနဲ့ သူတို့ကို အကျိုးပေးတယ်ဆိုတဲ့အတိုင်း သူတို့ရဲ့ မသမာတဲ့ခြေလှမ်းတွေကို ကျောင်းသား လူများစုကမြင်ပြီး ထဆူကြရော။ အဲဒါနဲ့ သူတို့ရဲ့ သြဇာခံဖြစ်တဲ့ ကျောင်းသားအလုပ်အမှုဆောင်အဖွဲ့လဲ အယုံအ ကြည်မရှိ အဆိုအသွင်းခံရပြီး ပြုတ်ကျသွားတာပါဘဲ။

သိန်း-သန်း ကွန်မြူနစ်တွေရဲ့ အကြံအစည်ကတော့ ဖ၊ ဆ၊ ပ၊ လ အစိုးရအဖွဲ့ဖြစ်တုန်း၊ ဗိုလ်အောင်ကျော်တွေ များ များ ပေါ်အောင်လုပ်ပေးဖို့ဘဲ။ ဒီလိုပေါ်တော့မှ ဖ၊ ဆ၊ ပ၊ လ ကို လက်ညှိုးထိုးပြပြီး လူထုနဲ့ရန်တိုက်ပေးမှာဘဲ။ တော်တော့ကို ပက်စက်တဲ့အကြံပေါ့။ ဒါပေမဲ့ ကျောင်းသားလူများစုကလည်း အကင်းပါးပြီးသားဖြစ်နေလို့ ဒီသိန်း - သန်း တွေရဲ့ ပက်စက်တဲ့အကြံအစည်တွေဟာ အထမမြောက်ခဲ့ကြဘူး။

ကျောင်းသားတွေနဲ့ကိုင်ပေါက်လို့ မရပြန်တော့ ၊ ဒီသိန်း - သန်း ကွန်မြူနစ်တွေဟာ ဖ၊ ဆ၊ ပ၊ လ ကို လယ်သမား တွေနဲ့ ကိုင်ပေါက်နေပြန်ပြီ။ အခု နယ်တွေမှာ ဆန်တွေကို လုနေကြတာ သူတို့ရဲ့ ဖြူးညီလာခံ ဆုံးဖြတ်ချက်တွေ အတိုင်း လုနေကြတာဘဲ။ ဒီလိုဆန်ဆေတွကို လုတာဟာ တကယ်ဘဲငတ်လို့လား၊ ဖ၊ ဆ၊ ပ၊ လ ကို ဂျောက်ချရ အောင်လားဆိုတာ ကျွန်တော်အထူးရှင်းပြဖို့မလိုဘူး။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းရှဲု့ရှင်းတမ်းတွေထဲမှာ အစုံ အလင်ပါပြီးပြီ။

ကဲအခု ကျွန်တော်ပြောခဲ့တာတွေကို နားထောင်ပြီး၊ ဒီသိန်း - သန်းကွန်မြူနစ်တွေဟာ သူတို့အာဏာရမှုအတွက် အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေကို ဘယ်လို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာ တိုင်းပြည်လူ ထုက ကောင်းကောင်း ချင့်ချိန်နိုင်ပြီလို့ ကျွန်တော်ယုံကြည်တယ်။ ဒီ သိန်းသန်း ကွန်မြူနစ်တွေဟာ တော်လဲ တော်တဲ့လူတွေပါဘဲ။ တရားအတိုင်းမဟုတ်ဘဲ၊ ညစ်ညစ်ပတ်ပတ်နည်းတွေနဲ့ နိုင်ငံရေးအာဏာလုတဲ့နေရာမှာ တတိုင်းပြည်လုံးက သူတို့ကို ဆရာတင်ရမှာဘဲ။

အခုလဲ သူတို့ရဲ့ ကုလားဆရာကြီးဂျိုရှီက ဘာတွေ ဘယ့်နှယ်ညွှန်ကြားလိုက်တယ် မဆိုနိုင်ဘူး၊ ဖ၊ ဆ၊ ပ၊ လ နှင့် ညီညွတ်ရေးဆိုပြီး တွင်တွင်ကြီး အော်နေကြပြန်ပြီ။ မဟုတ်မှလွဲရော ဖ၊ ဆ၊ ပ၊ လ နှင့်ညီညွတ်ရေးဆိုတဲ့ကြွေး ကြော်သံဟာ ကျုပ်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဝင်တွေရဲ့ မျက်လုံးထဲကိုသဲနဲ့ပက်ဖို့အတွက် အသုံးပြုတာဘဲလို့ ကျွန် တော်တော့ တထစ်ချ စွဲထားလိုက်တာဘဲ။ ဘာဖြစ်လို့လဲဆိုယင် ဒီလိုညီညွတ်ရေး ကြွေးကြော်သံတွေကို အော်ပြီး တဲ့နောက်မှ သူတို့ဖက်တော်သားတွေဟာ ကျွန်တော်တို့ဖက်ကလူတွေကို ပို့ပြီး သတ်သေးတယ်လို့ နယ်က တိုင် ကြားချက်တွေကို ကျွန်တော်တို့ကြားရတယ်။ သူတို့ရဲ့ ညီညွတ်ရေးကြွေးကြော်သံကို ကြားရပြီး၊ ကျွန်တော်တို့ လူ တွေ ထင်ယောင်ထင်မှား ဖြစ်နေတုန်း၊ သူတို့က အငိုက်မှာ ၀င်ဝင်ပြီး ချတာဘဲ။

အခုလဲကြည့်ပါလား၊ တဖက်က ညီညွတ်ရေး အသံကောင်းကို လွှင့်ပြီးသူတို့ရဲ့ သြဇာခံ သတင်းစာ ဂျာနယ်တွေမှာ တော့ ဖ၊ ဆ၊ ပ၊ လ ကိုဘဲ အပြင်းအထန် သွားပုပ်လေလွင့် ရေးသားတုန်း ရှိသေးတယ်။ လူထုက ဖ၊ ဆ၊ ပ၊ လ အ ပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်လာအောင် ကိုယ်လိုရာကိုယ်ဆွဲပြီး ရေးသားထားတဲ့ အရေးအသားမျိုးတွေနဲ့ လှုံ့  ဆော်ပေးနေတုန်းရှိသေးတယ်။ ဖ၊ ဆ၊ ပ၊ လ ရဲ့လုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ဆန်လုပွဲတွေကို ဒီ သိန်း- သန်း ကွန်မြူနစ်တွေကဘဲ လှုံ့ဆော်ပေးနေတုန်းရှိသေးတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ ညီညွတ်ရေး အသံ ကောင်းဟစ်တာဟာ ဘာရည်ရွယ်ချက်နဲ့ ဟစ်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးနေပါပြီ။

ဖ၊ ဆ၊ ပ၊ လ ရဲ့တတိယ ဆန့်ကျင်ဖက်ဂိုဏ်းသားဖြစ်တဲ့ အလံနီတွေအကြောင်းကို ကျွန်တော်နည်းနည်းပြောချင် တယ်။ အလံနီ နောက်လိုက် တွေကတော့ သနားစရာတွေဘဲ။ တောင်ပို့ကြီးကို ဘုရားမှတ်ပြီး ကိုးကွယ်နေကြ တယ်။ သူတို့ရဲ့ ဆရာကြီး သခင်စိုးဆိုတာကတော့ အစက လူကောင်းတယောက် ဖြစ်ပေမဲ့၊ စိတ်၏ဖောက်ပြန်မှု ဒဏ်ကို မခံနိုင်တာနဲ့ အခုတော့ဂျပိုးတော်လှန်ရေးသမားဖြစ်နေပြီ။ ဗမာ့လွတ်လပ်ရေးတွေဘာတွေကိုတောင် မျက်နှာထောက်မနေနိုင်တော့ဘူး။ ဒီလူဟာ ပိုက်ဆံသာခပ်များများရမယ်ဆိုယင်၊ အကုန်လုံးလိုက်ဖျက်ပေးမှာ ဘဲ။ ကျွန်တော်ပြောယင် ယုံပါ။ သူ့အကြောင်းကို ဒီလောက်ဘဲ ပြောပါရစေ။

ကျွန်တော်တို့ဘိလပ်မှာ ဆွေးနွေးပွဲ ကျင်းပနေစဉ်က ကျွန်တော်တို့ဖက်က မဲတင်းပေးတဲ့ အနေနဲ့ နယ်ချဲ့ စနစ် ဆန့်ကျင်ရေးသမား မှန်သမျှ လွတ်လပ်ရေးဆန္ဒပြပွဲကြီးကို ဗမာတပြည်လုံးမှာ ကျင်းပပေးကြတယ်။ သိန်းသန်း ကွန်မြူနစ်တွေကတောင် ဒီဆန္ဒပြပွဲမှာ ၀င်ပြီး ဆန္ဒပြကြသေးတယ်။ နယ်ချဲ့ သမားတွေကို ဖ၊ ဆ၊ ပ၊ လ က အဲဒီလို အင်အားပြနေရတဲ့အချိန်အခါမှာ သခင်စိုးတို့လူစုဟာ ဖ၊ ဆ၊ ပ၊ လ ကို မီးကုန်ယမ်းကုန်ပစ်ပြီး တိုက်တာဘဲ။

အခုလဲ ရွေးကောက်ပွဲ မကျင်းပဖြစ်အောင်ဆိုပြီး၊ သခင်စိုးတို့လူစုဟာ မီးကုန်ယမ်းကုန် လုပ်နေကြပြန်ပြီ။ အ သက်ငင်နေတဲ့ ဗြိတိသျှနယ်ချဲ့ သမားတွေဟာ ဖ၊ ဆ၊ ပ၊ လ ရဲ့အင်အားကို ဖြိုဖျက်ဖို့နဲ့ ဖ၊ ဆ၊ ပ၊ လ က အပြင်းအ ထန် ကြိုးပမ်းနေတဲ့ ဗမာ့လွတ်လပ်ရေးကြီးကို ဇတ်မျောအောင် လုပ်ဖို့အတွက် သုံးစရာ တခြာနည်းတွေမရှိ တော့ဘူး။ ဒီလူတွေကိုဘဲ အသုံးပြုကြရမှာဘဲ။

အဲဒီ ရှင်းပြခဲ့တာတွေဟာ လက်ရှိ အခြေအနေ အတိုချုပ်ဘဲ။ အဲဒီလက်ရှိအခြေအနေကိုကြည့်ပြီး လမ်းနှစ်ခွသို့ ရောက်နေတဲ့ကျွန်တော်တို့တတွေဟာ ဘယ်လမ်းကိုလိုက်မယ်ဆိုတာ ခပ်မြန်မြန်သန္နိဋ္ဌာန်ချကြရလိမ့်မယ်။ ဖ၊ ဆ၊ ပ၊ လ နဲ့ ဆန့်ကျင်ဖက်ဂိုဏ်းသားတွေ ရှို့ ထားတဲ့မီးကို နိုင်နိုင်နင်းနင်းငြိမ်းမလား၊ လောင်ချင်သလို လောင်ပ စေကွဆိုပြီး၊ လက်ပိုက်ကြည့်နေကြမလား။ မီးကိုငြိမ်းမယ်ဆိုယင်လဲ နိုင်နိုင်နင်းနင်း ငြိမ်းရမယ်။ လက်ပိုက်ကြည့် နေရမယ်ဆိုယင်လဲ ကျွန်တော်တို့တတွေ အခုနေရာက ဖယ်ပေးကြရမယ်။ အဲဒါ ခပ်ရှင်းရှင်းဘဲ။ ဒီကိစ္စမှာတော့ ကျွန်တော်တို့ ချီတုံချတုံဖြစ်နေကြလို့ မဖြစ်တော့ဘူး။ ချီတုံချတုံ ဖြစ်နေကြယင်၊ တွေဝေနေကြယင်၊ မှန်တယ် ထင်တာကို မလုပ်ရဲကြယင်၊ ကျုပ်တို့ကို ယုံကြည်ကိုးစားပြီး ထောက်ခံအားပေးနေတဲ့ လူထုအပေါ်မှာသာ မတ ရားရာ ရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ကိုလဲ ကျွန်တော်တို့ မတရားရာရောက်လိမ့်မယ်။

တိုင်းပြည်လူထုဟာ နေ့အသတ်ခံရမလား၊ ညအသတ်ခံရမလား၊ ကျီးလန့်စာစား တထိတ်ထိတ် တလန့်လန့် နေရ တဲ့အဖြစ်ကို မလိုချင်ဘူး။ အေးအေးချမ်းချမ်း၊ စိတ်ချလက်ချနေရတံ အဖြစ်ကိုလိုချင်တယ်။ လူထုဟာ နေ့အတိုက် ခံရမလား၊ ညအတိုက်ခံရမလားဆိုပြီး မသေမချာ မရေမရာတဲ့ အဖြစ်ကို မလိုချင်ဘူး။ လွတ်လွတ်လပ်လပ် သွား လာနေထိုင်ရတဲ့အဖြစ်ကိုသာ လိုချင်တယ်။

ကျွန်တော်တို့ရဲ့ လက်ထဲကို အာဏာလုံးဝ မရောက်သေးတဲ့အတွက် လူထုရဲ့ နေရေး၊ ထိုင်ရေးကို ကျွန်တော်တို့ စိတ်ရှိတိုင်း မြှင့်တင်မပေးနိုင်သေးသည့်တိုင်အောင်၊ လူထုရဲ့ပြဿနာအရပ်ရပ်ကို ကျွန်တော်တို့ စိတ်ရှိတိုင်း ဖြေ ရှင်းမပေးနိုင်သည့်တိုင်အောင် ကျီးလန့်စာစား တထိတ်ထိတ် တလန့်လန့် နေရတဲ့ဘ၀က လွတ်မြောက်ချမ်းသာ ပြီး၊ လူထုဟာ စိတ်ချလက်ချနေရတဲ့ဘ၀ကို ရောက်အောင် လုပ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ လူထုရဲ့ ခေါင်းဆောင်အဖြစ်ကို ကျွန်တော်တို့ခံယူထားကြယင် ဒီတာဝန်ကိုလဲ ကျေပြွန်အောင် ထမ်းဖို့ရန် မမေ့သင့်ပေ ဘူး။

အမှန်အတိုင်းပြောရယင် ကျွန်တော်တို့ဟာ ဟိုအကြောင်း၊ သည်အကြောင်းကို ထောက်ထားပြီး ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဖက် ဂိုဏ်းသားတွေ အပေါ်မှာ အင်မတန် ညှာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဆန့်ကျင်ဖက် ဂိုဏ်းသား တွေနဲ့ ပက်သက်လာယင် ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင်လုပ်ခဲ့တယ်။ ပုဆိန်နဲ့ ခုတ်ရမည့် နေ ရာမှာ အပ်နဲ့သာ ထွင်ခဲ့တယ်။ အပ်နဲ့ထွင်ရမဲ့နေရာမှာ လက်ပိုက်ကြည့်နေခဲ့တယ်။ အဲတာတွေကို တိုင်းပြည်လူ ထုကိုယ်တိုင် ကောင်းကောင်းသိသားဘဲ။

ဒါပေမဲ့ အဲဒီလိုညှာတာကို ဒီဆန့်ကျင်ဖက် ဂိုဏ်သားတွေက ကျွန်တော်တို့မှာ အားနည်းလို့ မလုပ်နိုင်ဘူးလို့များ အထင်လွဲနေသလား မသိဘူးး။ သူတို့ဟာ တနေ့တခြား အတင့်ပိုရဲလာတယ်။ သူတို့ လုပ်ချင်တာတွေ ရှောက် လုပ်နေတာကိုသာ ယခုအတိုင်း ကျွန်တော်တို့ ကြည့်နေရမယ်ဆိုယင် အကွပ်မရှိတဲ့ကြမ်းလို တတိုင်းပြည်လုံးမှာ ပရမ်းပတာဖြစ်ချင်တာတွေဖြစ်နေတဲ့ဘ၀မျိုးကို ဆိုက်သွားမယ်။ ဒီလိုသာဆိုယင် ကုလားပြည်လိုဖြစ်ပြီး၊ ဗမာ့ လွတ်လပ်ရေးကြီးဟာ၊ ဗမာ့လက်ထဲကို ရောက်လာပြန်ယင်လဲ၊ ဒီအတိုင်းသာ အကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်နေကြယင် လွတ်လပ်ရေးဆိုတာ ဘာမှ အဓိပ္ပာယ် ရှိမှာမဟုတ်ဘူး။

လွတ်လပ်ရေးကိုရအောင် ကျွန်တော်တို့ ကြိုးပမ်းနေကြတာဟာ ဗမာတွေလွတ်လပ်ပြီဟေ့လို့ ပြောကောင်းရုံက လေးအတွက် ကြိုးပမ်းနေကြတာမဟုတ်ပါဘူး။ ခပ်တိုတို ပြောရယင်၊ ဗမာတွေ လူတန်းစေ့စေ့ နေနိုင်အောင်လုပ် ပေးဖို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတာ။ အဲဒီတော့ ဗမာတွေလွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့ နေ နိုင်ဖို့အလုပ်တွေကို မလုပ်ရဘဲ၊ ကဖျက်ယဖျက်သမားတွေရဲ့ နှောင့်ရှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန် ကုန်နေကြရမယ်ဆိုယင် လွတ်လပ်ရေးရတာဟာ အဓိပ္ပါယ်ကို ရှိမှာမဟုတ်တော့ဘူး။

အဲဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင် လုပ်မယ်ဆိုယင် လူထုရဲ့အကျိုးကို တကယ်တမ်းဆောင်ရွက်နိုင် အောင် ကြိုးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြ ရလိမ့်မယ်။ နိုင်ငံရေး ဆောင်ရွက်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။

ကျွန်တော်တို့တော့ ရှေ့ အဖို့ကို ရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသား လုပ်တော့မယ်။ ကျွန်တော်တို့တတွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီ ချီတုံချတုံ ဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။

ကျွန်တော်တို့ လုပ်သလိုဘဲ အစိုးရအရာထမ်း အမှုထမ်းတွေဟာ မိမိတို့ အပေါ်ကို တရားသဖြင့် ကျရောက်လာ တဲ့ တာဝန်ဝတ်တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့မျက်နှာကို ထောက်ထားပြီး၊ ပြတ်ပြတ်သားသား ဆောင်ရွက် ကြစေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြယင်လဲ၊ ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာဖယ်ပေး ကြစေချင်တယ်။ အစိုးရအမှုထမ်းအရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ်တရားကိုယ်ကျေပြွန်အောင် ထမ်းဖို့ဘဲ။ ဟိုလူကိုကြောက်သလိုလို၊ ဒီလူကို ကြောက်သလိုလို ဟိုလူ့ကိုမျက်နှာချိုသွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချို သွေးချင်သလိုလို၊ ဒီလိုလုပ်လို့မရဘူး။ ကိုယ့်ဝတ်တရားကိုယ်ကျေပြွန်ယင် ဘယ်သူ့မှလဲ ကြောက်ဖို့မ လိုဘူး။ ဘယ်သူကမှလဲ လက်ဖျားနဲ့မှ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။

အဲဒီတော့ ကျွန်တော် နိဂုံးမချုပ်ခင် ဆန့်ကျင်ဖက် ဂိုဏ်းသားတွေကို တိတိလင်းလင်း သတိပေးလိုတယ်။ နိုင်ငံ ရေးအာဏာကို တရားသော နည်းများထဲက မည်သည့်နည်းနှင့်မဆို တရားအတိုင်းလုပ်ကြပါ။ ဒီလိုလုပ်တဲ့လူတွေ ကို တရားဥပဒေနှင့် လျော်ညီစွာ ကျွန်တော်တို့က အစွမ်းကာကွယ်ပေးမည်။ ဒီလမှမဟုတ်ဘဲ မစားရသည့်အမဲသဲ နှင့်ပက်သည့်အနေမျိုးဖြင့် တိုင်းပြည်ကြီးကို မှောက်အောင်လုပ်ပေးမယ်ဆိုယင်၊ လူထုရဲ့အကျိုးကို မြှော်ကိုးသော အားဖြင့် အဲဒီလို တိုင်းပြည်မှောက်သွားအောင် ကြိုးပမ်းနေတဲ့ လူတွေကို ကျွန်တော်တို့က အစွမ်းကုန်ချရမှာဘဲဆို တာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။ ။