Monday, January 30, 2012

မြန်မာများက စိုးမိုးလို၍မဟုတ်

မြန်မာများက စိုးမိုးလို၍မဟုတ်


၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက် ပင်လုံမြို့ တွင်ကျင်းပသော
တောင်တန်းဒေသ ညီလာခံကြီး၌ မြွက်ကြားချက်

ပင်လုံ အစည်းအဝေးသို့ အကြောင်းနှစ်မျိုးကြောင့် လာရကြောင်း၊ ပဌမမှာ မြန်မာပြည်ရှိ လူမျိုးများ ညီညွတ်ရေး အတွက်ဖြစ်၍ အခြားအကြောင်းမှာ လန်ဒန်ဆွေးနွေးပွဲ၌ တောင်တန်းဒေသနှင့် ပက်သက်၍ မည်သို့ဆောင်ရွက် လုပ်ကိုင်ခဲ့သည်ကို ပြောဆိုရှင်းလင်းပြရန် ဖြစ်ကြောင်း။

ဗမာ့လွတ်လပ်ရေးရပြီ

ကမ္ဘာ့နိုင်ငံရေးအရ မြန်မာပြည်ရှိ လူမျိုးအားလုံးမှာ ညီညွတ်ရန်လိုကြောင်း၊ တနည်းအားဖြင့်ဆိုလျှင် မြန်မာပြည် လွတ်လပ်ရေးရပြီဟု ဆိုနိုင်ကြောင်း၊ ယခုကျန်ရှိနေသော ပြဿနာမှာ တောင်တန်းနယ် ကိစ္စပင်ဖြစ်ကြောင်း။

ကိုယ့်နယ်ကိုယ် အုပ်ချုပ်

ဘိလပ်ဆွေးနွေးပွဲ၌ မြန်မာကိုယ်စားလှယ်များက တောင်တန်းနယ်လွတ်လပ်ရေးကို တချိန်တည်း မပေးခဲ့လျှင် မြန်မာပြည် လွတ်လပ်ရေးမှာ လည်း တကယ့်လွတ်လပ်ရေး မဖြစ်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊ တောင်တန်းနယ်ကို ဗြိတိသျှတို့ က တိုက်ရိုက်အုပ်ချုပ်ခြင်းကို မြန်မာလူမျိုးများက မကြိုက်ကြောင်း၊ တောင်တန်းနယ်ကို တောင်တန်း လမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်ကြောင်း။

တန်းတူ ရစေလို၍

ဗြိတိသျှတို့က တောင်တန်းနယ် လူမျိုးများသည် အောက်ကျ နောက်ကျ ဖြစ်နေသေးသဖြင့် လွတ်လပ်ရေးနှင့် မတန် ဟု ထင်ကြောင်း၊ ထိုသို့ ထင်မြင်ချက်ကို မြန်မာများက သဘောမတူကြောင်း၊ မြန်မာပြည် လွတ်လပ်ရေး ရသည်နှင့် တပြိုင်နက် တောင်တန်းနယ် လွတ်လပ်ရေး ရမည်ဟု မြန်မာများက ထင်မြင်ကြောင်း၊ မြန်မာများ သည် တောင်တန်းဒေသအတွက် ပြောဆိုခြင်းမှာ အုပ်ချုပ်စိုးမိုးလို၍မဟုတ်၊ သို့ရာတွင် တောင်တန်းနယ်များ သည် မြန်မာပြည်နှင့် တန်းတူ အဆင့်အတန်း အခွင့်အရေး ရစေလိုသောကြောင့်ပင် ဖြစ်ကြောင်း။

မြန်မာများသည် ဗြိတိသျှ၏ကျွန်မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှ ကျွန်များ အဖြစ် မရောက်စေလိုကြောင်း၊ ထို့ပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ် မဖြစ်စေလိုကြောင်း။

တောင်တန်း စီမံအုပ်ချုပ်ရေး

တောင်တန်းနယ် စီမံအုပ်ချုပ်ရေးမှာ ကောင်စီ၏ လက်ထဲ ရှိနေလိမ့်မည် ဖြစ်ကြောင်း၊ ထိုကောင်စီအဖွဲ့ထဲ၌ တောင်တန်းနယ်မှ ကိုယ်စားလှယ်တယောက်ရှိလိမ့်မည်ဖြစ်ရာ ၎င်း၏လက်ထဲမှာ ထိုအုပ်ချုပ်ရေးရှိမည် ဖြစ်ကြောင်း။

ဗမာပြည်ကို စွန့်ရတော့မည် 

ဗြိတိန်မှာ မြန်မာပြည်၌ ကြာရှည်စွာ အုပ်စိုးရန် အခွင့်အခါ မရှိတော့ကြောင်း၊ စောစော သို့မဟုတ် အနည်းငယ် ကြာလျှင် ၎င်းတို့သည် မြန်မာပြည်ကို စွန့်လွှတ်ရတော့မည် ဖြစ်ကြောင်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် အဆင်သင့် ရှိရမည့်အပြင် ကျွန်ုပ်တို့ကိုယ်ကို အားကိုးအားထားလုပ်ရမည် ဖြစ်ကြောင်း၊ ထိုနေရာ၌ ညီညွတ်ရေးမှာ လွန်စွာ ပင်လိုကြောင်း။

လွတ်လပ်ရေးရပြီးသောအခါမှပင် အဆင့်အတန်း မြင့်နိုင်ကြောင်း၊ လွတ်လပ်ရေး မရလျှင် လက်ရှိ အောက်ကျ နောက်ကျ ဖြစ်နေသော အဆင့်အတန်းကို မြှင့်တင်နိုင်ရန် မဖြစ်နိုင်ကြောင်း။

ချောက်လျှင် မကြောက်ပါနှင့်

လူဖြူဖြစ်စေ၊ လူမဲဖြစ်စေ မည်သူကိုမဆို မကြောက်ရွံ့ နှင့်။ ၎င်းတို့က တောင်တန်းလူမျိုးများကို မေးခဲ့လျှင်တောင် တန်းလူမျိုးများကို မေးခဲ့လျှင် တောင်တန်းလူမျိုးများက လွတ်လပ်ရေးလိုချင်တယ်ဟု ပြောရမယ်ဖြစ်ကြောင်း၊ ချောက်လျှင်လည်း မကြောက်ကြနှင့်၊ ချော့လျှင်လည်း မပြော့ကြနှင့်၊ တောင်တန်းလူမျိုးမားသည်၊ မြန်မာပြည်ကဲ့ သို့ တူညီသော အဆင့်အတန်းကို လိုချင်သည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ဒါကိုယနေ့ပြောလိုက်လျှင် နက်ဖြန်အ ဆွေတို့ လွတ်လပ်ရေးရမည်ဖြစ်ကြောင်း။

No comments:

Post a Comment